">

Saturday, July 20, 2013

ဝါဆိုဝါကပ်ရခြင်းအကြောင်းများ

ဒီနေ့ အမိမြန်မာပြည်မှာတော့ ၀ါဆိုဝါကပ်တဲ့နေ့ပေါ့။ ၀ါဆိုဝါကပ်ခြင်းအကြောင်းမှာ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းသီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အား ၀ါဆိုဝါကပ် ပညတ်တော်မမူသေးသောကြောင့် ရဟန်းတော်တို့သည် နွေ.မိုး.ဆောင်းဥတု ၃ ပါးလုံးဒေသစာရီလှည့်လည်တော်မူခဲ့ကြသည်။ လူတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ''အဘယ်ကြောင့် ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေ၍ ဒေသစာရီ လှည့်လည်ကုန်ဘိသနည်း၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သော်မှလည်း မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ ကိန်းအောင်းနေထိုင်ကြကုန်သေး၏၊ ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ မြဲစွဲစွာ နေကြကုန်သေး၏။ ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည်ကား ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန် လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါ တို့ကို ပျက်စီးခြင်းသို့ ရောက်စေလျက် ဒေသစာရီ လှည့်လည်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသောအခါ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
ထိုအခါ ရဟန်းတို့အား ''အဘယ်အခါ၌ ဝါကပ်အပ်ပါသနည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ မိုးလ၌ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့အား ''ဝါကပ်ခြင်းတို့သည် အဘယ်မျှ ရှိကုန်သနည်း''ဟု အကြံဖြစ်၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ပုရိမဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိကုန်၏။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမဝါကပ်ရမည်၊ ဝါဆိုလပြည့် နေ့မှ တစ်လလွန်ပြီးသော လပြည့်ကျော်တစ်ရက် 'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ပစ္ဆိမဝါကပ်ရမည်၊ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒီနှစ်သည် ၀ါထပ်ခြင်းကြောင့် ပုရိမ၀ါကပ်ကြရသည်။ ၀ါခေါင်လပြည့်ကျော်တရက်နေ့ ၀ါဆိုဝါကပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့မှ ၀ါကျွတ်သည်။ ၀ါကပ်ရာတွင် ကျောင်းလို့အမည်ရမှ ၀ါကပ်ရမည်ဟု မဟုတ်ချေ။ မြတ်စွာဘုရားသည် ၀ါဆိုရာ ဋ္ဌာန များ သတ်မှတ်ပေးထားခဲ့သည်။ လှည်း, လှေ,နွားခြံ တို့နေရာ သည်လည်း ၀ါဆိုဝါကပ်ခွင့် ပေးထားခဲ့၏။တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နွားကျောင်းသားတို့၏ နေရာ၌ ဝါကပ်ခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ နွားကျောင်းသားတို့၏ နေရာ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ နွားကျောင်းသားတို့၏ နေရာသည် ပြောင်းရွှေ့၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ နွားကျောင်းသားတို့၏ နေရာရှိရာသို့ ကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
 ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ နီးလတ်သော် လှည်းကုန်သည်နှင့် သွားခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လှည်း၌ ဝါကပ်ခြင်းငှါခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
 ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ နီးလတ်သော် လှေဖြင့် သွားခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လှေ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ မိမိ ကိုရင်ဘ၀က သာမဏေသကျသီဟ လုပ်စဉ်အခါက စာချဘုန်းကြီးသည် မှတ်လွှယ်စေရန် ဆောင်ပုဒ်လေးလုပ်ပေးထားခဲ့သည်။ စာမေးပွဲအတွင်းဝယ် အလွယ်တကူအမှတ်ရစေရန်ဖြစ်၏။ {လှည်း,လှေ,နွားခြံ ဤ ၃ တန် မှတ်ရန်ဝါကပ်ကောင်း} ဟု သင်ပေးခဲ့ဘူးသည်။ ယနေ့ထိ ရနေသည်ကို အမှတ်တရ ရေးသားတင်ပြလိုက်ပါ၏။ ၀ါမကပ်သင့်သောနေရာများမှာလည်း မြတ်စွာဘုရားသည် မိန့်တော့်မူခဲ့လေ၏။ သစ်ခေါင်း,သစ်ခွ,လွင်တီးခေါင်,အမိုးမရှိသောနေရာ=ကျောင်းအိပ်ယာ နေရာမရှိသောနေရာ, သူသေကောင်ဖုတ်ရာနေရာတဲ, ထီး, အိုးစရည်း ဤ နေရာ ၇ နေရာကို ၀ါမကပ်ရန်မိန့်မှာတော်မူခဲ့သည်= ပညတ်တော်မူခဲ့သည်။ ဤ ၀ါမကပ်ရတဲ့နေရာဋ္ဌာနများကို မိမိရဲ့ စာချ ဘုန်းကြီးမှ { သစ်ခေါင်းသစ်ခွ မှတ်ကြလေပါ လွင်တီးခေါင်လည်း မရှိဝိဟာ သူသေကောင်ဖုန် တဲကုတ်တဖြာ မကပ်ရ ဆတ္ထ အိုးစရည်းမှာ}လို့ ဆောင်ပုဒ်လေးများသီကုံးပေးခဲ့သည်။ မိမိကိုရင် ၁၇ နှစ်သားအရွယ်က စာချဘုန်းတော်ကြီးများ သင်ကြားပေးခဲ့ဘူးသည်ကို အမှတ်ရစေခဲ့သည်။
မြတ်စွာဘုရားသည် ထိုဝါမကပ်သင့်သည်နေရာဋ္ဌာနတွေမှာလည်း အကြောင်းတရားတွေရှိခဲ့ခြင်းကြောင့်  ၀ါဆို ၀ါကပ်ခွင့်မပေးခဲ့ခြင်းဖြစ်သည်။တစ်ရံရောအခါ ရဟန်းတို့သည် သစ်ခေါင်း၌ ဝါကပ်ကုန်၏။ လူတို့သည် ''ဘီလူးငယ်တို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။ ရဟန်းတို့ သစ်ခေါင်း၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် သစ်ပင်ခွ၌ ဝါကပ်ကုန်၏။ လူတို့သည် ''သားမုဆိုးတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။ ရဟန်းတို့ သစ်ပင်ခွ၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် လွင်တီးခေါင်၌ ဝါကပ်ကုန်၏။ မိုးရွာသည်ရှိသော် သစ်ပင်ရင်းသို့လည်းကောင်း၊ တံစက်မြိတ်သို့လည်းကောင်း ပြေးကပ်ကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လွင်တီးခေါင်၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် ကျောင်း အိပ်ရာ နေရာ မရှိဘဲ ဝါကပ်ကုန်၏။ အချမ်းကြောင့်လည်းကောင်း၊ အပူကြောင့်လည်းကောင်း ပင်ပန်းကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။ ရဟန်းတို့ ကျောင်း အိပ်ရာ နေရာ မရှိဘဲ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏ဟု (မိန့် တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် သူသေကောင်ထားရာတဲ၌ ဝါကပ်ကုန်၏။ လူတို့သည် ''သူသေ ကောင်ကို မီးဖုတ်သော သူတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သူသေကောင်ထားရာတဲ၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် ထီး၌ ဝါကပ်ကုန်၏၊ လူတို့သည် ''နွားကျောင်းသားတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။ ရဟန်းတို့ ထီး၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် အိုးစရည်းကြီး၌ ဝါကပ်ကုန်၏။ လူတို့သည် ''တိတ္ထိတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ အိုးစရည်းကြီး၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ မိမိတို့မှာတော့ ၀ါဆိုရာ ကျောင်းဟု မဟုတ်သော်ငြားလည်း မိမိငှားနေသော အိမ်ကိုသာ ၀ါဆိုဝါကပ်ခဲ့ရပေသည်။ ၀ါဆိုရန် ရွတ်ဆိုရသော ပါဠိတော်မှာ “ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံဥပေမိ” လို့ ၃ ကြိမ်၃ ခါရွတ်ဆိုရသည်။ ရှင်းလင်းချက်။ ဤကျောင်းတိုက်မှာ ၀ါတွင်း၃ လပတ်လုံး ၀ါကပ်ပါ၏။ လို့ဆိုလိုပါ၏။ မိမိတို့မှာတော့ “ဣမသ္မိံ ဂေဟေ ဣမံ တေမာသံ ၀ဿံ ဥပေမိ” လို့ ၀ါဆိုဝါကပ်ခဲ့ရသည်။ ၀ါတွင်းကာလမှာ ဤကျောင်းတိုက်မှာဝါတွင်း ၃လပတ်လုံး နေထိုင်ပါမည်ဟု ရွတ်ဆိုကြခြင်းဖြစ်၏။ မိမိတို့မှာတော့ ဤ အိမ်မှာ ၀ါတွင်း၃ လ ပတ်လုံး နေထိုင်ပါမည်ဟု ရွတ်ဆိုမှုပြုလိုက်ရတော့၏။ ၀ါတွင်းမှာလည်း ခြွင်းချက်အနေနဲ့ မြတ်စွာဘုရားသည်။ တုံ ၃ တုံ တဲ့ ။ဒါနဉ္စ ဒါတုံ။ ဓမ္မဉ္စ သောတုံ။ ဘိက္ခုစ ပဿိတုံ။  အလှူပေးခြင်းငှာလည်းကောင်း။ တရားတော်ကို နာယူခြင်းငှာလည်းကောင်း။ ရဟန်းသံဃာအားဖူးမြင်ခြင်းငှာလည်းကောင်း ၀ါတွင်းကာလမှာ သွားဘို့ အနုပညတ်အနေနဲ့ ခွင့်ပြုခဲ့သည်။ ၀ါတွင်းကာလ မှာ ၀ါကျိုးဝါပျက်ခြင်းသည် ဒုက္ကဋ်အာပတ်သာသင့်စေသည်။ မသိနားမလည်သော လူအချို့သည် ၀ါကျိုးဝါပျက်ခြင်းကိုပင် အပြစ်ကြီးတခု ဟု ယူဆနေကြ၏။ အမှန်စင်စစ် ဒုက္ကဋ်အာပတ်သည် ဒေသနာကြားက ပျောက်နိုင်သည်။ (လူအများသိစေရန်) သာဖြစ်ပါ၏။

ပြုပြင်ရမည့် ကထိန်သင်္ကန်းနှင့် ၀ါဆိုသင်္ကန်း

ကထိန်အလှူရှင်များသည် အဓိကနှင့်သာမညကို မခွဲတတ်သူက များသည်။ ကထိန်ခင်းမည်ဆိုလျှင် အဓိကသည် ကထိန်ခင်းသောကျောင်းမှ သံဃာတော်အပါးစေ့ သင်္ကန်းအကောင်းစား တစ်စုံစီရဖို့ဖြစ်သည်။ သာမညသည် ဖိတ်ထားသော ပရိသတ်ကို ကျွေးမွေးခြင်းဖြစ်သည်။ ယခုခေတ်ကထိန်ပွဲလုပ်နည်းမှာ အလှူခံရထားသောငွေ ၂၅-သိန်းဆိုလျှင် သင်္ကန်းပရိက္ခရာအတွက် ငါးသိန်းခန့်ပဲ သုံးသည်။ ကျန်သော နှစ်ဆယ်သည် ပရိသတ်အကျွေးအမွေးထဲပါသွားသည်။



အမှန်ကား ထိုသို့မဖြစ်သင့်။ ကျောင်းရှိ သံဃာအားလုံးအတွက် သင်္ကန်းအကောင်းစား (တစ်စုံလျှင်နှစ်သောင်းခန့်တန်) တစ်စုံစီရအောင် ၀ယ်လိုက်ပြီး ကျန်သောငွေများကိုမှ ထိုက်သင့်သမျှ ပရိသတ်ကိုဧည့်ခံသင့်သည်။ လက်ကျန်ငွေ နည်းနေလျှင်မုန့်ဟင်းခါး၊ များလျှင် ထမင်းစသည်ဖြင့် တော်သလို စီမံသင့်သည်။


ယခုကား ထိုသို့မဟုတ်။ သာမညဖြစ်သော ပရိသတ်ကျွေးမည့်ငွေကို အရင်ထုတ်လိုက်ပြီး ထိုမှပိုသောငွေကိုမှ အဓိကဖြစ်သော ကထိန်သင်္ကန်းကို ၀ယ်ယူရာ အဘယ်မှာလျှင် ကျောင်းရှိသံဃာအားလုံးကို စေ့ငဌအောင် သင်္ကန်းလှူနိုင်ပါမည်နည်း။


စာရေးသူသည် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်တွင် ၁၉၈၅ မှ ၁၉၈၈အထိ လေးနှစ်တိတိနေခဲ့သော်လည်း ကထိန်သင်္ကန်းနှင့် ၀ါဆိုသင်္ကန်းတစ်စုံမှ မရခဲ့ဖူးပေ။


ဝါဆိုသင်္ကန်းကပ်ပွဲများကိုလည်း ကထိန်သင်္ကန်းကပ်ပွဲကဲ့သို့ ပြုပြင်ကြမည်ဆိုလျှင် စာသင်သား သံဃာများအတွက် ပိုမို အဆင်ပြေလာစရာ အကြောင်းရှိပေ၏။ 

 မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။


Friday, July 5, 2013

လူချမ်းသာဖြစ်စေသော ကုသိုလ်





တောထဲမှာနေစဉ်က တပည့်တော်မတို့ မိသားစုဟာ အင်မတန် ဆင်းရဲတယ်၊ မရှိလို့မလှူ မလှူလို့မရှိ ဆိုတဲ့ စကားလေးလို ဖြစ်မှာစိုးလို့ ရှိတာလေးရှာကြံပြီးတော့ တတ်နိုင်သလောက် အမြဲတမ်းလှူပါတယ်။ တပည့်တော်တို့မိသားစုမှာ ဒါနကုသိုလ်ထက် ဝေယျာဝစ္စကုသိုလ်က ပိုများမယ်ထင်ပါတယ်။



“ဥပုသ်နေ့ရောက်တာနဲ့ မိသားစုအားလုံး ကျောင်းကို အစောကြီးသွားပြီး တစ်ကျောင်းလုံး သန့်ရှင်းရေးလုပ်တယ်၊ ကိုရင်တွေ ဦးဇင်းတွေရဲ့ စောင်တွေ၊ ခြင်ထောင်တွေ၊ သင်္ကန်းတွေတွေ့သမျှ အကုန်လျှော်ဖွတ်ပေးတယ်၊ အိမ်သားအားလုံးကိုလည်း ဆေးကြောသန့်ရှင်းပြီး ရေဖြည့်ပေးတယ်။”


“အဲဒီ ဝေယျာဝစ္စကုသိုလ်တွေကတော့ အမြဲတမ်းလိုလို ရပါတယ်၊ ရန်ကုန်ကို မိသားစုအားလုံး ပြောင်းကြတော့မယ်ဆိုပြီး ဆရာကတော်ကို သွားကန်တော့တော့ ဆရာတော်က အမိန့်ရှိပါတယ်။”


“ဟဲ့ - မြင့်ကြည်၊ နင်တို့မိသားစုဟာ သူတစ်ပါးမလုပ်ချင်တဲ့ ဝေယျာဝစ္စကုသိုလ်တွေကို အများကြီး လုပ်ခဲ့ကြတယ်၊ ဒါကြောင့် နင်တို့ ရန်ကုန်ရောက်ရင် သူတစ်ပါးမရတဲ့ ကောင်းကျိုးချမ်းသာတွေကို နင်တို့ရကြလိမ့်မယ်၊ သူတစ်ပါးမစီးရတဲ့ကား နင်တို့စီးရလိမ့်မယ်၊ သူတစ်ပါး မနေရတဲ့တိုက်မှာ နင်တို့ နေရလိမ့်မယ်”တဲ့။


“ရန်ကုန်ရောက်တာနဲ့ ကိုတင်စိုးနဲ့ အိမ်ထောင်ကျတာပါပဲ၊ အိမ်ထောင်ကျပြီးတာနဲ့ ကူညီမယ့်သူတွေ့ပြီး ကိုတင်စိုးဟာ ဘာမှမကုန်ရဘဲ နိုင်ငံခြား သင်္ဘောသားအလုပ်ကို ရခဲ့တာပါ” 

 မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်

ရှောင်စရာနှင့် ဆောင်စရာ

အဒိန္နဒါနအခန်း နိဂုံးချုပ်တွင် ရှောင်စရာဈေးသည်နှင့် ဆောင်စရာဈေးသည်တို့ အကြောင်းကို တင်ပြချင်၏။ ထားဝယ်မြို့သူ အမျိုးသမီးကြီးတစ်ယောက်သည် စာရေးသူကျောင်းတွင် ဆောက်လုပ်နေသော အမျိုးသမီးယောဂီဆောင် နှစ်ထပ်ကျောင်းအတွက် တိုင်တစ်လုံးစာ ငွေလှူချင်နေသည်။



ထိုစဉ် ၂၀၀၂-ခုနှစ်က နှစ်ဆယ့်လေးပေ ကွန်ကရစ်တိုင်တစ်လုံးအတွက် ငါးသောင်းကျပ် ကုန်ကျသည်။ ထိုအမျိုးသမီးကြီးတွင် သဒ္ဓါရှိသော်လည်း ဥစ္စာကမရှိရှာ။ ထို့ကြောင့် သူ့မိခင်အမွေပေးခဲ့သော ရွှေထည်ပစ္စည်းလေးတစ်ခုကို သွားရောင်းသည်။ သူရောင်းမည့်ပစ္စည်းသည် ထိုစဉ်အချိန်က တစ်သိန်းခွဲခန့် တန်သည်။


သို့သော် သူမက တစ်သိန်းခွဲခန့် တန်သည်ကို မသိရှာသဖြင့် ကျောင်းအတွက် ကွန်ကရစ်တိုင်လှူရန် ငါးသောင်းခန့်ရချင်ကြောင်း ထုတ်ပြောမိသည်။ ၀ယ်သူသည် တစ်သိန်းခွဲတန်မှန်းသိလျက် ငါးသောင်းသာ ပေးလိုက်သည်။


ထိုကိစ္စတွင် ၀ယ်သူသည် ရောင်းသူထံမှ ငွေတစ်သိန်းကို လှည့်ပတ်လိမ်ညာ၍ ခိုးယူလိုက်ခြင်းဖြစ်သည်။ ကင်္ခါအဋ္ဌကထာလာသော ခိုးနည်း ၂၅မျိုးတွင် ဝေယျာဝှဟာရ ခိုးနည်းတွင် ပါဝင်သည်။ ထို့ကြောင့် ထင်ပါသည်။ ယင်းမြို့ မီးလောင်သောအခါ ထိုသူ၏အိမ်သည် ထိပ်ဆုံးမှပါသွားခဲ့သည်။


“လှူဖို့ ရောင်းတာပါ” ဟုထုတ်ပြောပါလျက် မတရားသဖြင့် ယူရက်သော ၀ိသမလောဘစိတ်ကား စက်ဆုပ်ရွံရှာဖွယ်ရာကောင်းလှ၏။ ထိုလူမျိုးသည် ဗုဒ္ဓ၏တပည့်အမည်ခံပြီး အရှင်ဒေ၀ဒတ်၏ကျင့်စဉ် တိတ္ထိဆရာကြီးခြောက်ဦးတို့၏ ကျင့်စဉ်ကို ကျင့်သုံးခြင်းပင် ဖြစ်သည်။


ဤဖြစ်ရပ်ကို မူတည်၍ ၀ဋ်သုံးပါးကြောင့် ပါယ်ကျရပုံ၊ ၀ဋ်သုံးပါးမှလွတ်၍ ပထမနိဗ္ဗာန်ချမ်းသာခံစားရပုံတို့ကို အများနားလည်အောင် ရေးသားအံ့။ 

မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

Wednesday, July 3, 2013

အထင်လွဲခဲ့ရတဲ့ သောတာပန်မလေး

“နောက်တော့ ပေါင်းသင်းနေထိုင်ကြတယ်ပေါ့။ ဒီအမျိုးသမီးလေးဟာ သောတာပန်အရိယာ ဖြစ်သော် လည်းပဲ လင်ဖြစ်သူ တောလည်ထွက်ခါနီးရင် လေး၊ မြား၊ လက်နက်တွေ ပြင်ဆင်ပေးရတယ်။ ဒါကို မြင်သွားတဲ့ ရဟန်းတော်တွေက သောတာပန်အရိယာဖြစ်သူဟာ သူတစ်ပါးအသက်ကို သတ်ရာရောက်သလို ဖြစ်နေတယ်ဆိုပြီး ဝေဖန်ကြတယ်”


“ပါဏာတိပါတကံရော မထိုက်ဘူးလားဘုရား”


“မထိုက်ဘူး၊ ဘာကြောင့်လဲဆိုတော့ သတ္တ၀ါတွေကို သေစေလိုတဲ့ စေတနာမပါသောကြောင့်ပဲ၊ ပါဏာတိပါတကံထိုက်ဖို့အတွက် အင်္ဂါငါးချက်လိုတယ်။

၁။ သတ္တ၀ါ ဖြစ်ရမယ်၊
၂။ သတ္တ၀ါမှန်း သိရမယ်၊
၃။ သေစေလိုတဲ့ စိတ် စေတနာရှိရမယ်၊
၎။ ၀စီကံနဲ့ သတ်ခိုင်းရမယ် (သို့မဟုတ်) ကာယကံမြောက် ကိုယ်တိုင်သတ်ရမယ်။
၅။ ထိုသတ္တ၀ါ သေသွားရမယ်။


ဒီငါးချက်မှာ သေစေလိုတဲ့စိတ်စေတနာ ရှိရမယ်ဆိုတဲ့အချက် ပျက်ကွက်နေတဲ့အတွက်ကြောင့် ဒီမိန်းကလေးဟာ ပါဏာတိပါတကံ မထိုက်တာပါ။ ရှင်းရှင်းလင်းလင်း သိစေချင်တာကတော့ သူ့ရဲ့ ကိုယ်အမူအရာက သတ္တ၀ါတွေကို သေအောင်လုပ်ပေးသလိုဖြစ်ပေမယ့် သူ့စိတ် မနောကံက ဖြူစင်နေတဲ့အတွက် အပြစ်မဖြစ်တာကို သိစေချင်တာပါ။

ဒါကိုဘုရားရှင်က ဥပမာတစ်ခုနဲ့ ဟောပြတယ်။

ပါဏမှိစေ ၀ဏောနဿ၊
ဟေရယ် ပါဏိနံ ၀ိသံ။
နဗ္ဗစံ ၀ိသမနွေတိ၊
နတ္ထိ ပါပံ အကုဗ္ဗတော။


လက်ဖ၀ါးမှာအနာရှိရင် အဆိပ်ကို ကိုင်လိုက်တာနဲ့ ချက်ချင်းသေမယ်၊ လက်ဖ၀ါးမှာအနာမရှိရင် အဆိပ်ကိုကိုင်သော်လည်း ဘာမှမဖြစ်ဘူး။


အဲဒီဥပမာအတိုင်းပဲ သတ္တ၀ါကို ကာယကံနဲ့ သတ်ရာရောက်သလို ဖြစ်သွားသော်လည်း သေစေလိုတဲ့ စေတနာဆိုး မရှိတဲ့သူအတွက် ဘာအပြစ်မှ မရှိဘူးလို့ ဆိုလိုပါတယ်။


ဒါကြောင့် ဒကာမလေးအနေနဲ့ မိဘဆွေမျိုးများရှေ့မှာ ၀တ္တရားအရအရင်ဘာသာကို ကိုးကွယ်သလို ကိုယ့်ခန္ဓာကနေနေရပေမယ့် စိတ်က ရတနာသုံးပါးကို နှစ်နှစ်ကာကာ ကြည်ညိုနေတယ်ဆိုရင် ဗုဒ္ဓဘာသာပါပဲ၊ အခုဆိုရင် ဒကာမလေးဟာ “အရူံးမရှိသော ဒဿန”စာအုပ်ဖတ်ပြီးကတည်းက ရတနာသုံးပါးကို နှစ်နှစ်ကာကာ ကြည်ညိုနေတာ လအတော်ကြာနေပါပြီ။


“ဒီစာအုပ်ဟာ ၂၀၀ ၆-ခုသြဂုတ်လထုတ်တာ၊ အခု ၂၀၀၇-ခု နိုဝင်ဘာတောင် ရောက်နေပြီဆိုတော့ တစ်နှစ်တောင်ကျော်နေပြီလေ၊ ဒီတော့ ဒကာမလေး ရတနာသုံးပါးကို ကြည်ညိုနေတဲ့အချိန်ဟာ တစ်နှစ်ကျော်နေပြီလို့ ဆိုနိုင်တာပေါ့။ ရတနာသုံးပါးကို အဲဒီလို လပေါင်းများစွာ ကြည်ညိုသူကို မဆိုထားနဲ့ သေခါနီးမိနစ်ပိုင်းလောက် ကြည်ညိုတဲ့ ကုသိုလ်နဲ့တင် နတ်ပြည်ရောက်သွားတဲ့ ဘာသာခြားတွေ အများကြီးရှိပါတယ်”


“အရူံးမရှိသော ဒဿန” စာအုပ်ထဲမှာ မပါသေးတဲ့ အကြောင်းအရာ ဖြစ်ရပ်ဆန်းမျိုးရှိသေးတယ်ဆိုရင် တပည့်တော်မ နားထောင်ချင်ပါတယ် ဘုရား”


“ဒကာမလေးက ဘာသာခြားကပြောင်းလာတာ မကြာသေးဘူးသာ ဆိုတယ်၊ ဘုန်းကြီးတွေနဲ့ စကားပြောတာတော့ ချောနေပါလား”

“အဲဒါက သူငယ်ချင်းရဲ့ ကျေးဇူးပါ၊ ဒီစာအုပ်ကိုလည်း အဲဒီဗုဒ္ဓဘာသာသူငယ်ချင်းကပဲ ငှားတာပါ”

“အခု အေးအေးဆေးဆေး နားထောင်ချိန်ရရဲ့လား၊ အိမ်ကမိဘတွေ သိကုန်လို့ ဒကာမလေး အဆူခံနေရဦးမယ်”

“မသိနိုင်ပါဘူးဘုရား၊ အိမ်မှ တခြားမိသားစု တစ်ယောက်မှ မရှိတဲ့အချိန် ရွေးဆက်လိုက်တာပါ” 


 မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။