">

Wednesday, July 3, 2013

အထင်လွဲခဲ့ရတဲ့ သောတာပန်မလေး

“နောက်တော့ ပေါင်းသင်းနေထိုင်ကြတယ်ပေါ့။ ဒီအမျိုးသမီးလေးဟာ သောတာပန်အရိယာ ဖြစ်သော် လည်းပဲ လင်ဖြစ်သူ တောလည်ထွက်ခါနီးရင် လေး၊ မြား၊ လက်နက်တွေ ပြင်ဆင်ပေးရတယ်။ ဒါကို မြင်သွားတဲ့ ရဟန်းတော်တွေက သောတာပန်အရိယာဖြစ်သူဟာ သူတစ်ပါးအသက်ကို သတ်ရာရောက်သလို ဖြစ်နေတယ်ဆိုပြီး ဝေဖန်ကြတယ်”


“ပါဏာတိပါတကံရော မထိုက်ဘူးလားဘုရား”


“မထိုက်ဘူး၊ ဘာကြောင့်လဲဆိုတော့ သတ္တ၀ါတွေကို သေစေလိုတဲ့ စေတနာမပါသောကြောင့်ပဲ၊ ပါဏာတိပါတကံထိုက်ဖို့အတွက် အင်္ဂါငါးချက်လိုတယ်။

၁။ သတ္တ၀ါ ဖြစ်ရမယ်၊
၂။ သတ္တ၀ါမှန်း သိရမယ်၊
၃။ သေစေလိုတဲ့ စိတ် စေတနာရှိရမယ်၊
၎။ ၀စီကံနဲ့ သတ်ခိုင်းရမယ် (သို့မဟုတ်) ကာယကံမြောက် ကိုယ်တိုင်သတ်ရမယ်။
၅။ ထိုသတ္တ၀ါ သေသွားရမယ်။


ဒီငါးချက်မှာ သေစေလိုတဲ့စိတ်စေတနာ ရှိရမယ်ဆိုတဲ့အချက် ပျက်ကွက်နေတဲ့အတွက်ကြောင့် ဒီမိန်းကလေးဟာ ပါဏာတိပါတကံ မထိုက်တာပါ။ ရှင်းရှင်းလင်းလင်း သိစေချင်တာကတော့ သူ့ရဲ့ ကိုယ်အမူအရာက သတ္တ၀ါတွေကို သေအောင်လုပ်ပေးသလိုဖြစ်ပေမယ့် သူ့စိတ် မနောကံက ဖြူစင်နေတဲ့အတွက် အပြစ်မဖြစ်တာကို သိစေချင်တာပါ။

ဒါကိုဘုရားရှင်က ဥပမာတစ်ခုနဲ့ ဟောပြတယ်။

ပါဏမှိစေ ၀ဏောနဿ၊
ဟေရယ် ပါဏိနံ ၀ိသံ။
နဗ္ဗစံ ၀ိသမနွေတိ၊
နတ္ထိ ပါပံ အကုဗ္ဗတော။


လက်ဖ၀ါးမှာအနာရှိရင် အဆိပ်ကို ကိုင်လိုက်တာနဲ့ ချက်ချင်းသေမယ်၊ လက်ဖ၀ါးမှာအနာမရှိရင် အဆိပ်ကိုကိုင်သော်လည်း ဘာမှမဖြစ်ဘူး။


အဲဒီဥပမာအတိုင်းပဲ သတ္တ၀ါကို ကာယကံနဲ့ သတ်ရာရောက်သလို ဖြစ်သွားသော်လည်း သေစေလိုတဲ့ စေတနာဆိုး မရှိတဲ့သူအတွက် ဘာအပြစ်မှ မရှိဘူးလို့ ဆိုလိုပါတယ်။


ဒါကြောင့် ဒကာမလေးအနေနဲ့ မိဘဆွေမျိုးများရှေ့မှာ ၀တ္တရားအရအရင်ဘာသာကို ကိုးကွယ်သလို ကိုယ့်ခန္ဓာကနေနေရပေမယ့် စိတ်က ရတနာသုံးပါးကို နှစ်နှစ်ကာကာ ကြည်ညိုနေတယ်ဆိုရင် ဗုဒ္ဓဘာသာပါပဲ၊ အခုဆိုရင် ဒကာမလေးဟာ “အရူံးမရှိသော ဒဿန”စာအုပ်ဖတ်ပြီးကတည်းက ရတနာသုံးပါးကို နှစ်နှစ်ကာကာ ကြည်ညိုနေတာ လအတော်ကြာနေပါပြီ။


“ဒီစာအုပ်ဟာ ၂၀၀ ၆-ခုသြဂုတ်လထုတ်တာ၊ အခု ၂၀၀၇-ခု နိုဝင်ဘာတောင် ရောက်နေပြီဆိုတော့ တစ်နှစ်တောင်ကျော်နေပြီလေ၊ ဒီတော့ ဒကာမလေး ရတနာသုံးပါးကို ကြည်ညိုနေတဲ့အချိန်ဟာ တစ်နှစ်ကျော်နေပြီလို့ ဆိုနိုင်တာပေါ့။ ရတနာသုံးပါးကို အဲဒီလို လပေါင်းများစွာ ကြည်ညိုသူကို မဆိုထားနဲ့ သေခါနီးမိနစ်ပိုင်းလောက် ကြည်ညိုတဲ့ ကုသိုလ်နဲ့တင် နတ်ပြည်ရောက်သွားတဲ့ ဘာသာခြားတွေ အများကြီးရှိပါတယ်”


“အရူံးမရှိသော ဒဿန” စာအုပ်ထဲမှာ မပါသေးတဲ့ အကြောင်းအရာ ဖြစ်ရပ်ဆန်းမျိုးရှိသေးတယ်ဆိုရင် တပည့်တော်မ နားထောင်ချင်ပါတယ် ဘုရား”


“ဒကာမလေးက ဘာသာခြားကပြောင်းလာတာ မကြာသေးဘူးသာ ဆိုတယ်၊ ဘုန်းကြီးတွေနဲ့ စကားပြောတာတော့ ချောနေပါလား”

“အဲဒါက သူငယ်ချင်းရဲ့ ကျေးဇူးပါ၊ ဒီစာအုပ်ကိုလည်း အဲဒီဗုဒ္ဓဘာသာသူငယ်ချင်းကပဲ ငှားတာပါ”

“အခု အေးအေးဆေးဆေး နားထောင်ချိန်ရရဲ့လား၊ အိမ်ကမိဘတွေ သိကုန်လို့ ဒကာမလေး အဆူခံနေရဦးမယ်”

“မသိနိုင်ပါဘူးဘုရား၊ အိမ်မှ တခြားမိသားစု တစ်ယောက်မှ မရှိတဲ့အချိန် ရွေးဆက်လိုက်တာပါ” 


 မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment