">

Friday, July 5, 2013

ရှောင်စရာနှင့် ဆောင်စရာ

အဒိန္နဒါနအခန်း နိဂုံးချုပ်တွင် ရှောင်စရာဈေးသည်နှင့် ဆောင်စရာဈေးသည်တို့ အကြောင်းကို တင်ပြချင်၏။ ထားဝယ်မြို့သူ အမျိုးသမီးကြီးတစ်ယောက်သည် စာရေးသူကျောင်းတွင် ဆောက်လုပ်နေသော အမျိုးသမီးယောဂီဆောင် နှစ်ထပ်ကျောင်းအတွက် တိုင်တစ်လုံးစာ ငွေလှူချင်နေသည်။



ထိုစဉ် ၂၀၀၂-ခုနှစ်က နှစ်ဆယ့်လေးပေ ကွန်ကရစ်တိုင်တစ်လုံးအတွက် ငါးသောင်းကျပ် ကုန်ကျသည်။ ထိုအမျိုးသမီးကြီးတွင် သဒ္ဓါရှိသော်လည်း ဥစ္စာကမရှိရှာ။ ထို့ကြောင့် သူ့မိခင်အမွေပေးခဲ့သော ရွှေထည်ပစ္စည်းလေးတစ်ခုကို သွားရောင်းသည်။ သူရောင်းမည့်ပစ္စည်းသည် ထိုစဉ်အချိန်က တစ်သိန်းခွဲခန့် တန်သည်။


သို့သော် သူမက တစ်သိန်းခွဲခန့် တန်သည်ကို မသိရှာသဖြင့် ကျောင်းအတွက် ကွန်ကရစ်တိုင်လှူရန် ငါးသောင်းခန့်ရချင်ကြောင်း ထုတ်ပြောမိသည်။ ၀ယ်သူသည် တစ်သိန်းခွဲတန်မှန်းသိလျက် ငါးသောင်းသာ ပေးလိုက်သည်။


ထိုကိစ္စတွင် ၀ယ်သူသည် ရောင်းသူထံမှ ငွေတစ်သိန်းကို လှည့်ပတ်လိမ်ညာ၍ ခိုးယူလိုက်ခြင်းဖြစ်သည်။ ကင်္ခါအဋ္ဌကထာလာသော ခိုးနည်း ၂၅မျိုးတွင် ဝေယျာဝှဟာရ ခိုးနည်းတွင် ပါဝင်သည်။ ထို့ကြောင့် ထင်ပါသည်။ ယင်းမြို့ မီးလောင်သောအခါ ထိုသူ၏အိမ်သည် ထိပ်ဆုံးမှပါသွားခဲ့သည်။


“လှူဖို့ ရောင်းတာပါ” ဟုထုတ်ပြောပါလျက် မတရားသဖြင့် ယူရက်သော ၀ိသမလောဘစိတ်ကား စက်ဆုပ်ရွံရှာဖွယ်ရာကောင်းလှ၏။ ထိုလူမျိုးသည် ဗုဒ္ဓ၏တပည့်အမည်ခံပြီး အရှင်ဒေ၀ဒတ်၏ကျင့်စဉ် တိတ္ထိဆရာကြီးခြောက်ဦးတို့၏ ကျင့်စဉ်ကို ကျင့်သုံးခြင်းပင် ဖြစ်သည်။


ဤဖြစ်ရပ်ကို မူတည်၍ ၀ဋ်သုံးပါးကြောင့် ပါယ်ကျရပုံ၊ ၀ဋ်သုံးပါးမှလွတ်၍ ပထမနိဗ္ဗာန်ချမ်းသာခံစားရပုံတို့ကို အများနားလည်အောင် ရေးသားအံ့။ 

မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment