“ခြေ၊ လက်၊ ကိုယ်လုံးကိုယ်ထည် ကျွန်တော့်ထက် ကြီးမားတုတ်ခိုင်ပြီး
ခါးတောင်းမြှောင်နေအောင်ကျိုက်ထားတဲ့ လူကြီးတစ်ယောက် အိမ်ပေါက်ဝမှလာပြီး
“ဟေ့ကောင် လာခဲ့လို့” အသံမာမာနဲ့ ခေါ်တာပဲ။ အဲဒီလူကြီးရဲ့ မျက်နှာက
ခက်ထန်ပြီး အားခွန်ဗလကလည်း ကျွန်တော့်ထက်များစွာကွာခြားနေတဲ့အတွက် -
“အင်း - ငါခုခံလို့လဲ
နိုင်မှာမဟုတ်ဘူး၊ အသာတကြည်လိုက်တာပဲ ကောင်းပါတယ်”လို့ ဆုံးဖြတ်ပြီး
သူခေါ်ရာကိုထလိုက်ခဲ့တာပဲ။ ကျွန်တော် ခုဆက်ပြောမယ့် တွေ့ခဲ့တဲ့
အကြောင်းအရာတွေကတော့ ရုပ်ရှင်ထဲကလိုလို၊ မျက်လှည့်ပြနေသလိုလိုပါပဲ။
“ဟော
ဟို မြောင်းကူးတံတားလေး ဟိုဘက်လည်းရာက်ရော။ လေးပေလောက်ရှိတဲ့ ခပ်သေးသေး
အုန်းတုံးကလေးသုံးခုဟာ ကြိုးမချည်သံမစွဲဘဲ တွဲလျက်ရှိနေတယ်။ လူကြီးက
ကျွန်တော့ကို “အဲဒီအပေါ်တက်ထိုင်”လို့ ပြောတယ်။ အဲဒီအပေါ်
ကျွန်တော်သူခိုင်းတဲ့အတိုင်း ထိုင်လိုက်တယ်ဆိုရင်ပဲ ဘာမျှမပြောတော့ဘဲ သူက
ရှေ့ကလျှောက်သဓွားတော့ နောက်က ကျွန်တော်ထိုင်နေတဲ့ အုန်းတုံးသုံးခုဟာ
ဘီးတပ်ထားတဲ့ယာဉ်လို ပါသွားတယ်။
“ကျွန်တော့်
စိတ်ထဲမှာ ဘယ်လိုဖြစ်လာပါလိမ့်မလဲလို့ တွေးရင်းလိုက်သွားရာက မြေကြီးပေါ်မှာ
တဖြည်းဖြည်း သွားနူန်းက မြန်လာတယ်။ အနေအထားကလည်း တဖြည်းဖြည်းချင်း
နိမ့်ဆင်းသွားတယ်လို့ ထင်ရတယ်။ သူက ခြေတစ်လှမ်းချင်း လျှောက်နေတာမှန်ပေမယ့်
ကျွန်တော်ထိုင်နေတဲ့ အုန်းတုံးကလေးကတော့ ရိပ်ရိပ်တန်းအောင် မြန်နေတယ်။
“တော်တော်သွားမိတယ်ဆိုရင်
မြေကြီးပေါ်မှာရှိနေတဲ့ သစ်ပင်တွေဘာတွေ မမြင်ရတော့ဘဲ ဟင်းလင်းပြင်
ကွက်လပ်ကြီးထဲကို ရောက်လာတယ်။ ရှေ့မှာ ၀င်းကြီးလို ကာရံထားတာကို တွေ့ရတယ်။
တဖြည်းဖြည်းနီးလာတာနဲ့ အထဲက ဆူညံအော်ဟစ်လိုက်တဲ့ အသံတွေဟာ
ကြက်သီးမွေးညင်းထအောင် ကြောက်စရာကောင်းတယ်။
“အနားလည်းရောက်ရော
ကျောင်းတော်ကြီးလို အပြားကြီးနှစ်ချပ်ဟာ တံခါးလို အတွင်းကို ပွင့်သွားတယ်။
လမ်းမကြီးက ဖြူးနေတယ်။ အတွင်းဝင်မိတယ်ဆိုရင်ပဲ အပူရှိန်ဟပ်သလို
ရှိန်းခနဲဖြစ်ပြီးပူလာတယ်။ စောစောက အော်သံတွေဟာ ဒီထဲရောက်တဲ့အခါ
မကြားရတော့ဘူး။
“တော်တော်သွားမိရင်
ပထမဆုံးတွေ့တာက တုံးလုံးလဲနေတဲ့ ယောက်ျား၊ မိန်းမတွေကို ဦးခေါင်းကိုချည်း
လိုက်ရိုက်နေတဲ့နေရာပဲ။ တစ်ဆက်တည်း အချို့နေရာမှာတော့ ထိုင်လျက်
ပါးစောင်းနှစ်ဖက်ကို သံချိတ်နဲ့ ဆွဲဟထားတယ်။ ကျွန်တော်က သိချင်တဲ့အတွက်
မေးမလို့ စိတ်ကူးရုံရှိသေးတယ်။ ခေါင်းရိုက်တဲ့ဟာတွေက မင်းလူ့ပြည်ကျမှသိမယ်။
ပါးစပ်ချိတ်ထားတာက နူတ်ကြမ်းသူတွေလို့ ရှေ့ကလူကြီးကပြောတယ်။
“ငရဲဆိုရင်
နှိပ်စက်သူကတစ်ဘက်၊ ခံရသူကတစ်ဘက်လို့ ကျွန်တော်ထင်ခဲ့တယ်။ ဒီလိုချည်း
မဟုတ်ဘူး။ အချင်းချင်း နှိပ်စက်ရတာလည်းရှိတယ်။ ခုတွေ့တဲ့နေရာဟာ
လူနှစ်ယောက်တစ်တွဲ အချင်းချင်း အပြန်အလှန် တစ်ချက်စီ ရိုက်နေတာကို
တွေ့ရတယ်။
“အဲဒါ
မင်းတို့ဆီမှာ ကြက်တိုက်သူတွေပေါ့လို့ ရှေ့က လူကြီးကပြောတယ်။
ကျွန်တော်တို့ ငယ်စဉ်က လူကြီးသူမတွေက “ဒါ မလုပ်နဲ့၊ ငရဲအိုးထဲ
ဇောက်ထိုးကျလိမ့်မယ်”လို့ပြောရင် မိုးဗြဲဒယ်အကြီးစားကို မျက်စိထဲ
မြင်လာတယ်။ ဆီတွေနဲ့ကြော်မှာပဲလို့ ထင်မိတယ်။ တကယ်တွေ့ရတော့ ငရဲအိုးမှာ
အဲဒီလို မဟုတ်ပါဘူး။
အိုးနူတ်ခမ်းအရောင်ဟာ
စဉ့်ရောင်ဖြစ်ပြီး လူကြီးကပို့လို့ ရောက်သွားတဲ့အခါ မည်မျှကျယ်လည်းမသိ။
ကျွန်တော်ရောက်တဲ့ နူတ်ခမ်းသာ မြင်ရတယ်။ ကျန်သုံးဖက် နူတ်ခမ်းကို
လှမ်းကြည့်လို့ပင် မမြင်ရဘူး။ မီးတွေ ပိုပြီးထည့်ထားတာလည်း မဟုတ်။
ကန်ကြီးလို ဖြစ်နေတယ်။
“ကြည့်လို့မဆုံးနိုင်တဲ့
ပြင်ကြီးထဲမှာယောက်ျား၊ မိန်းမတွေဟာ အလိပ်လိုက် ရေနွေးပူထဲမှာ လှိမ့်ပြီး
ပူလောင်မူဒဏ်ကို ခံနေကြရတယ်။ ရေနွေးပူဆိုပေမယ့် အဲဒီမှာတွေ့ရတာက
အချို့နေရာမှာ အုတ်နီမူန့်ရောင် နီကြန်ကြန် ပျစ်ချွဲချွဲ၊
အချို့နေရာမှာတော့ ခဲပုပ်ရောင်လို ပျစ်တွဲတွဲဖြစ်ပါတယ်။
လူကြီးက
ကျွန်တော့်ကိုပြပုံမှာ တစ်ခုက တစ်ခုကျော်လွှားပြပုံမျိုး မဟုတ်။
မြင်စေချင်တဲ့ အရာကိုပြလိုက်။ နောက်တစ်ဘက် သွားပြလိုက် အဲဒီလိုပုံမျိုး။
ကျွန်တော် မေးစေချင်တဲ့နေရာကျ ရပ်ပေးတယ်။ တစ်နေရာမှာတော့ ငရဲခံရတဲ့ လူတွေ
မတ်တတ်ရပ်လျက် နှိပ်စက်သူတွေက လက်ရိုက်သစ်သားတုတ်ကြီးနဲ့ ဘယ်ပြန်ညာပြန်
ရိုက်တာပဲ။
အံ့သြစရာကောင်းတာက အဲဒီမှာ ကျွန်တော်သိတဲ့ အဘိုးကြီးတစ်ဦးကိုတွေ့တယ်။
“ဆရာကြီး
ခင်ဗျာ၊ ဘယ်လိုဖြစ်တာလဲ”လို့ ကျွန်တော်ကမေးတော့ ထူးခြားမူက ကျွန်တော်က
သူ့ကိုကြည့်ပြီး မေးပေမယ့် သူကကျွန်တော့်ကို တိုက်ရိုက်မဖြေဘူး။
ရှေ့ကလူကြီးကို ပြောတယ်။ သူတို့ချင်းပြောတဲ့အသံလည်း မကြားရပါဘူး။
ပါးစပ်လူပ်တာသာတွေ့ရတယ်။ ပြီးမှ ဟိုလူကြီးက အသံထွက်ပြီး ကျွန်တော့်ကို
ပြန်ပြောတယ်။
“ဒီလိုခံရတာ
တခြားကြောင့်မဟုတ်ဘူး၊ ဟိုတုန်းက ရေကန်တူးဖို့ အလှူခံရတဲ့ ငွေတွေထဲက
ဆေးလိပ်ဝယ်သောက်မိလို့ ဖြစ်ပါတယ်၊ သူသိမ်းထားတဲ့ ပစ္စည်းကိုးမျိုးရှိတယ်၊
မင်းပြန်ရောက်ရင် အဲဒါတွေရောင်းချပြီး တစ်ဝက်ကို စား၊ တစ်ဝက်ကို လှူပါ။
လှူရာမှာလည်း ကန်တူးဖို့ ကျောင်းဆောက်ဖို့ ကိစ္စများမှာ လှူပါ။
“ကုသိုလ်
အမျှဝေတဲ့အခါ ငရဲမင်းကြီးနှင့် သူ့ကိုသာ အမည်ခေါ်ဝေပါ”လို့ မှာတယ်။
၃၁-ဘုံတို့ ဘာတို့မမှာဘူး၊ အဲဒီမှာ ကျွန်တော်နဲ့ အမေးအဖြေ
လုပ်ရတဲ့လူတိုင်းက ဒီလိုပဲမှာတယ်။
မှတ်ချက်။
။ထိုသူသည် ဦးရေခဲ၏ အမျိုးထဲမှာပင် ဖြစ်သည်။ သူပြောသည့်အတိုင်း
သတိပြန်လည်သောအခါတွင် သွားရှာသောအခါ ပစ္စည်းကိုးမျိုးလုံး ပြန်ရသည်။
ခိုင်းသည့်အတိုင်း ပစ္စည်းများကို ထုခွဲလှူဒါန်း၍ အမျှပေးဝေခဲ့သည်။
ဘုန်းကြီးကျောင်းထဲမှ ရေကန်ဖြစ်သောကြောင့် လူ့ဘ၀တုန်းက
ကျောင်းဂေါပကအဖွဲ့ဝင် ဖြစ်ဟန်တူသည်။
“ဘာမျှ
တန်ဖိုးမရှိသည့် ဆေးလိပ်တစ်လိပ်စာ ငွေကို အလှူခံငွေထဲမှ
ခိုးယူသုံးစွဲမိသောကြောင့် ငရဲကျခြင်းမှာ တွေးမိတိုင်း ရင်နာစရာ
ကောင်းလှသည်။ ကိုယ့်စီးပွားရေး ကိုယ်လုပ်စဉ်က သီလစင်ကြယ်ခဲ့ပြီး၊ ဘာသာရေး၊
လူမူရေး၊ အများအကျိုး လုပ်သောအခါတွင်မှ သီလဖောက်ဖျက်သော သူခိုးဘ၀သို့
မရောက်သင့်ပေ။
“ကျောင်းဂေါပက၊
ဘုရားဂေါပကအလုပ်နှင့် သာသနဝေယျာဝစ္စ အလုပ်များသည် စေတနာကောင်းထားလျှင်
ထားသလောက် ကောင်းကျိုး အနန္တရစေသလို စေတနာယုတ်လျှင်လည်း ယုတ်သလောက်
မကောင်းကျိုး အနန္တရစေနိုင်ပေသည်။ များသောအားဖြင့် ဂေါပကအများစု၊
ဝေယျာဝစ္စအများစုသည် အလှူခံရသောငွေကို မိမိတို့ ကွမ်းဖိုး၊ ဆေးဖိုးအတွက်
သုံးစွဲကောင်းသည်ဟု ထင်နေတတ်သည်။
“စလုပ်စဉ်ကတည်းက
နေ့စားလစားယူ၍ လုပ်မည်ဟု လူသိရှင်ကြားအသိပေး၍ မိမိလုပ်အားခယူခြင်းကား
အပြစ်မဟုတ်ပေ။ ကုသိုလ်ဖြစ်ဂေါပကအလုပ်၊ အကျိုးဆောင် ဝေယျာဝစ္စအလုပ်
ဝင်လုပ်ပါသည်ဟု သိစေပြီးမှ အလှူငွေကို ယူသုံးခြင်းသည်ကား
ခိုးခြင်းတစ်မျိုးပင် ဖြစ်သည်။
ထိုခိုးတတ်သော
ဂေါပကမျိုးကိုရည်ရွယ်၍ လူရွှင်တော်များ ပြောတတ်သော စကားတစ်ခွန်းရှိသည်။
“ဂေါပကတစ်ယောက် လမ်းမှာကန့်လန့်ဖြတ်အိပ်နေလျှင် ခေါင်းကကျော်သွားပါက
အပြစ်မရှိ။ ဗိုက်ပေါ်ကကျော်သွားမှ အပြစ်ရှိသည်။ အကြောင်းကား ဗိုက်ထဲတွင်
စားထားသော ကျောင်းပစ္စည်း၊ ဘုရားပစ္စည်းများ ရှိနေသောကြောင့်” ဟူ၏။
(စာရေးသူ)
(စာရေးသူ)
“တစ်နေရာမှာတော့
စဉ့်ရောင်ကရားအိုးနှင့် ရေနွေးပူတွေကိုခပ်ပြီး ဟထားတဲ့ ပါးစပ်တွေထဲကို
လိုက်လောင်းတယ်။ တွေ့ရတဲ့နေရာတိုင်းမှာ တစ်ဦးချင်း တစ်ယောက်ချင်း
မဟုတ်ဘူး။ မျက်စိတဆုံး မရေမတွက်နိုင်အောင်များတဲ့ ယောက်ျား၊
မိန်းမတွေချည်းပဲ။ လူ့ပြည်မှာ လူမှကျန်သေးရဲ့လားလို့ ထင်ရအောင်များတယ်။
“အဲဒီမှာလည်း
ကျွန်တော်သိတဲ့ ကလေးမတစ်ယောက်ကိုတွေ့တယ်။ သူက ဘာကြောင့်ရောက်တာလဲလို့
မပြောဘူး။ အိမ်မှာ သူသိမ်းထားခဲ့တဲ့ တစ်မတ်စေ့တစ်စေ့။ လက်စွပ်တစ်ကွင်း၊
နားကပ်တစ်ရံနဲ့ တဘက်တို့ကို ပြလိုက်ပါတယ်။ အဲဒါရောင်းပြီး သီလရှိသူတွေကို
ကျွေးမွေးလှူဒါန်း၍ သူနဲ့ ငရဲမင်းကြီးကို အမျှဝေပါလို့ မှာလိုက်တယ်။
“နောက်တစ်နေရာမှာ
တချို့က ဓားနဲ့အခုတ်ခံရတယ်။ တချိုက အရှင်လတ်လတ် တုံးလုံးလှဲပြီး ဓားနဲ့
အမွှန်းခံရတယ်။ အဲဒီမှာလည်း ဓားမွှန်းခံရတဲ့ အသိ မိန်းမကြီးတစ်ယောက်ကို
တွေ့တယ်။ သူကတော့ လူ့ပြည်မှာရှိစဉ်က “ပါးစပ်ကြမ်းပြီး ငါးအရှင်ကို
ဓားနဲ့မွှန်းခဲ့လို့”လို့ ပြောတယ်။ ဘာမှ မမှာလိုက်ဘူး။ နောက်တစ်နေရာမှာတော့
ဓားနဲ့ရစ်ပြီး အရေကို အရှင်လတ်လတ် ခွာနေတယ်။
အဲဒီမှာ
သိတဲ့ အဘိုးကြီးကတော့ နွားမသေမရှင် အရေခွံ ခွာခဲ့တဲ့အတွက်တဲ့။ အိမ်မှာ
သူသိမ်းထားတဲ့ စာရွက်စာတမ်းတွေကို နေရာနဲ့တကွ ပြောတယ်။ ဟိုရောက်ရင်
ပြောပြပြီး အလှူပေးပါ။ သူနဲ့ ငရဲမင်းကြီးကို အမျှပေးဝေပါလို့ မှာလိုက်တယ်။
နောက်တစ်နေရာမှာ ထန်းသီးခန့်မီးခဲလို ရဲရဲအလုံးကြီးတွေ ပါးစပ်ထဲခွံ့တယ်။
“တစ်နေရာမှာ
အဲသလိုအရည်တွေ ပါးစပ်ထဲလောင်းတယ်။ မေးကြည့်တော့ ဘိန်းစားသူတွေနဲ့
အရက်သောက်သူတွေတဲ့။ နောက်ထိုးလိုက်၊ ရိုက်လိုက်၊ ခုတ်လိုက်
အမျိုးမျိုးခံနေရသူတွေလည်း တွေ့တယ်။ တစ်နေရာမှာတော့
ကျွှန်တော့်အသိလူငယ်လေးတစ်ဦးဟာ ဆူးတွေနဲ့ အပင်ပေါ်ကို လူကြီးတစ်ဦးက
ကြိမ်နဲ့ရိုက်ပြီး တက်ခိုင်းနေတာ တွေ့ရတယ်။
သူကလည်း
အိမ်မှာသူဝှက်ထားတဲ့ ဖောင်တိတ် သူ့သင်္ချာစာအုပ်နဲ့
မြန်မာစာအုပ်ငှားထားတဲ့သူတွေကို နာမည်နဲ့ပြောတယ်။ ကုသိုလ်ပြုပေးပါလို့လည်း
မှာလိုက်တယ်။ သူနဲ့ အတူခံနေရသူတွေဟာ လူ့ပြည်နေစဉ်က သူတော်ကောင်းတွေကို
နောက်ပြောင် ဆဲရေးသူများလို့ ပြောတယ်။
“ကျွန်တော်ရောက်ခဲ့တဲ့
နေရာများမှာ ငရဲအိုး သုံးနေရာတွေ့တယ်။ ပထမအိုးမှာခံနေရသူများက ရေနွေးထဲမှာ
အလိပ်လိုက် လှိမ့်နေကြတယ်။ ဒုတိယအိုးမှာ ဆူပွက်နေတဲ့သဘော ခံနေရသူတွေဟာ
ပွက်ပွက်ဆူတဲ့ ရေနွေးအိုးထဲမှာ လက်ဖက်ခြောက်တွေလို ဖွားခနဲပေါ်လိုက်၊
မြုပ်သွားလိုက် ကျွမ်းထိုးမှောက်ခုံးဖြစ်တာမြန်လို့ အော်နေချိန်မရဘူး။
တတိယ နောက်ဆုံးအိုးမှာ ထူးခြားတာက အသားဖြူသူရော၊ အသားမည်းသူရော၊ သူတော်စင်အ၀တ်နဲ့ရော လူမျိုးစုံတွေ့တာပဲ။
မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment