">

Wednesday, July 3, 2013

တစ်ကြိမ်ဦးချ ကျိုးဗလ

ထိခြင်းငါးပါးနဲ့ ရှိခိုးပြီးတော့ အဘွားအိုဟာ သူ့အတွက် တစ်ပင်တစ်ပန်းကြွလာတဲ့ ဘုရားရှင်ကို ကြည်ညိုမြတ်နိုးစွာနဲ့ လက်အုပ်ချီပြီး ကြည်ညိုနေတယ်။ ဒီလောက်ဆိုရင် နတ်ပြည်ရောက်ဖို့ လုံလောက်ပြီဆိုတာသိသွားတဲ့ ဘုရားရှင်ဟာ သံဃာများနဲ့အတူ ရာဇဂြိုဟ်မြို့ထဲ ဆွမ်းခံဝင်သွားတယ်။



ဘုရားရှင်ကြွပြီး ခဏအတွင်းမှာပဲ သားဇောကြောင့် ဒေါသဖြစ်နေတဲ့ နွားမတစ်ကောင် အတင်းဝင်ဝှေ့လို့ အဘွားအိုဟာ သေပွဲဝင်ရရှာတယ်၊ ဒါပေမဲ့ သေခါနီး ဘုရားရှင်ကို ရှိခိုးတဲ့ကုသိုလ်ကြောင့် လူသက်နဲ့ဆိုရင် နှစ်ပေါင်းသုံးကုဋေနဲ့ အနှစ်ခြောက်သန်းအသက်ရှည်တဲ့ တာဝတိံသာနတ်ဘုံကို ရောက်ရတယ်။


နတ်ဘုံရောက်ရောက်ခြင်း၊ ငါ ဘာကုသိုလ်ကြောင့် ရောက်ရတာလဲဆိုတာ ပြန်ဆင်ခြင်ကြည့်တော့ ဘုရားရှင်ကို ရှိခိုးတဲ့ ကုသိုလ်ကြောင့်ဆိုတာ သိသွားတယ်၊ သူ ဒီလိုရှိခိုးဖြစ်အောင် တိုက်တွန်းဟောကြားပေးတဲ့ အရှင်မောဂ္ဂလာန်ရှိရာကို သူ့ဗိမာန်ကြီးပါ သယ်ဆောင်ရောက်လာပြီး ကျေးဇူးတင်စကား လျှောက်ထားတယ်။

(၀ိမာန၀တ္ထုပါဠိတော်၊ စဏ္ဍာလီဝိမာန၀တ္ထု)


ဒီသာဓကကိုထောက်ပြီး၊ သေခါနီးဘုရားရှင်ကို တစ်ခဏတာ ကြည်ညိုရှိခိုးတဲ့ ကုသိုလ်လေးတောင် ဒီလောက်ကောင်းကျိုးတွေ ပေးသေးရင် ဒကာမလေးတို့လို နေ့စဉ်ကြည်ညိုရှိခိုးတဲ့သူတွေဆိုရင် ဘယ်လောက်ထိများ ကောင်းကျိုးတွေရလိုက်လေမလဲလို့တွေးပြီး ရတနာသုံးပါးကို ကြည်ညိုကိုးကွယ်ခွင့်ရတာကို ၀မ်းသာပါတယ်”


“အခုလိုသိရတာ ၀မ်းသာလှပါတယ်ဘုရား။ တပည့်တော် ဆရာတော်ရေးသမျှ စာအုပ်အားလုံးနီးပါးကို ဖတ်ထားတော့ ရတနာသုံးပါးကို တအားကြည်ညိုနေတာဘုရား၊ ဘယ်တော့မှလည်းနောက်ဆုတ်မှာ မဟုတ်တော့ဘူး၊ တစ်ချိန်ချိန်မှာ မိဘဆွေမျိုးတွေက ဒီအကြောင်းတွေသိသွားလို့ အတင်းအကြပ်ကိုင်ပြီး ပိတ်ပင်လာခဲ့ရင် တပည့်တော်က ရတနာသုံးပါးတော့ မစွန့်ဘူး၊ အသက်ကိုစွန့်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ် ဘုရား”


“ဒါ - မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ၊ ရတနာသုံးပါးနဲ့ ပတ်သက်လာရင် လူ့ဘ၀ခဓန္ဓာကိုတောင် စွန့်ရဲရမယ်၊ လူ့ဘ၀က ကြေးလက်ကောက်ဆိုရင် နတ်ဘ၀က ရွှေလက်ကောက်အဆင့်ပဲ၊ ကြေးလက်ကောက်နဲ့ ရွှေလက်ကောက်ကို ဘာမှ မလဲရဲစရာမရှိဘူး။


“အချိန်ရရင် - ရတနာသုံးပါးအတွက် အသက်ကိုတောင်စွန့်သွားတဲ့ ဘာသာခြားမိန်းမပျိုလေး တစ်ယောက်အကြောင်းကိုလည်း ပြောပြချင်သေးတယ်”

“ပြောပြပါဘုရား တပည့်တော်မ အချိန်ရပါတယ်” 


 မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment