">

Thursday, December 6, 2012

ဘုရားအလောင်းတော် ပါရမီဖြည့်ကျင့်ပုံ (ဒါနပါရမီဖြည့်ကျင့်ပုံ)

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဘုရားဖြစ်ကြောင်း တရားကောင်းတို့ကို ဆင်ခြင်တော်မူသောအခါ ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာ ဟူသော ပါရမီဆယ်ပါးတို့ကို အစဉ်အတိုင်း တွေ့မြင်တော်မူကာ ဘ၀များစွာ ဖြည့်ကျင့်ခဲ့ရလေသည်။

ဒါနပါရမီ ဖြည့်ကျင့်တော်မူပုံ
မိမိပိုင် သက်ရှိသက်မဲ့ ပစ္စည်းများကို သူတစ်ပါးအား ပေးကမ်း စွန့်ကြဲလှူဒါန်းမူ ဒါနပါရမီကို ပထမဆုံး ဖြည့်ကျင့်တော်မူသည်၊ ဘ၀များစွာ ဒါနပါရမီကို ဖြည့်ကျင့်ရာ၌ ဤကောင်းမူကြောင့် လူစည်းစိမ် နတ်စည်းစိမ်လောကီ ဂုဏ်သိန်များကို သတကာတို့ကဲ့သို့ မတောင့်တ မမျှော်မှန်း၊ သတ္တ၀ါအများကို ကယ်မရန် သဗ္ဗညုတဉာဏ်ရဖို့သာ ရည်သန်တောင့်တတော်မူသည်။

ဘ၀များစွာ ဒါနပါရမီကို ဖြည့်ကျင့်ရာ၌ သိဝိမင်းဘ၀နှင့် ဝေသန္တရာမင်းဘ၀ကား အလွန်ထင်ရှား၍ အသိများသော ဘ၀များဖြစ်ပေသည်။

ဘုရားအလောင်းတော်သည် သိဝိမင်းဖြစ်စဉ် အလှူဒါနဘက်၌ စိတ်အားထက်သန်ပုံကို စုံစမ်းလို၍ သိကြားမင်းသည် မျက်မမြင်ပုဏ္ဏားအိုယောင်ဆောင်ကာ မျက်စိတစ်ဘက်ကို အလှူခံလာသည်၊ သိဝိမင်းကြီးသည် မျက်စိနှစ်ဘက်ကိုပင်ထုတ်၍ ရက်ရက်ရောရော ပေးလှူလိုက်လေသည်။

ဝေသန္တရာမင်းဘ၀၌လည်း ဘုရားအလောင်းတော်သည် အလှူမဏ္ဍပ် ၆-ခု ဆောက်လုပ်၍ နေ့စဉ် ၆-သိန်းတန် အ၀တ်တန်ဆာ အစားအစာများကို လှူ၏၊ တစ်ခါကမူ ကလိင်္ဂတိုင်းမှ ပုဏ္ဏားတို့သည် တန်ဖိုးမဖြတ်နိုင်သော ဆင်ဖြူတော်ကိုပင် အလှူခံလာကြရာ ရက်ရက်ရောရောပင် လှူတော်မူ၏။

ဆင်ဖြူတော်လှူ၍ ပြည်သူတို့မကျေနပ်သဖြင့် ထီးနန်းစွန့်ကာ ဟိမ၀န္တာဝင်္ကဘာတောင်သို့ ထွက်ခွာသွား၏၊ မဒ္ဒီမိဖုရား သားတော်ဇာလီ၊ သမီးတော်ကဏှာဇိန်တို့နှင့်အတူ ရသေ့ဝတ်ဖြင့် နေလေသည်၊ ထိုအခါ၌လည်း အလှူခံလာသော ဇူဇကာပုဏ္ဏားအား သားတော်သမီးတော်တို့ကို လှူပြန်၏၊ ပုဏ္ဏားယောင်ဆောင်လျက် မိဖုရားကို အလှူခံလာသော သိကြားမင်းအားလည်း မဒ္ဒီမိဖုရားကို လှူပြန်သည်။

ဤသို့လျှင် ဘုရားအလောင်းတော်သည် ဘ၀များစွာ ဖြစ်လေရာတို့၌ ဒါနပါရမီကို ဖြည့်ကျင့်ရာတွင် ပစ္စည်းဥစ္စာကိုသာမက ဇနီး၊ မယား၊ သမီးသား တို့ကိုပင် စွန့်လှူခဲ့သည်၊ ထိုမျှသာမက များစွာသောဘ၀တို့၌ အင်္ဂါ ခြေ လက်နှင့် အသက်ကိုပင် စွန့်လှူခဲ့ဖူးသည်မှာ များလှလေပြီ။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment