ဘုရားရှင်၏
ကျက်သရေတော်ကို မြင်ရ ဖူးတွေ့ရသဖြင့် သုမေဓာရသေ့ကလေးသည် အောက်ပါအတိုင်း
စဉ်းစားမိပြီး ချက်ချင်းပင် စိတ်ပိုင်းဖြတ်လိုက်သည်။
“ငါသည် ကိလောသာ ကုန်ခန်းသည့် ရဟန္တာဖြစ်လိုလျှင် ယနေ့ပင် ဖြစ်နိုင်ရာ၏၊ သို့သော် သတ္တ၀ါများကို ကယ်တင်နိုင်သလောက်သော အစွမ်းသည် ရှိပါလျက် တစ်ဦးတည်း ကိုယ်လွတ်ရုန်းသွားခြင်းကား မသင့်လျော်ချေ၊ ငါလည်း ဒီပင်္ကရာဘုရားကဲ့သို့ ဘုရားဖြစ်အောင် ကြိုးစားတော့အံ့” ဟု စိတ်၌ စွဲမြဲစွာ အဓိဋ္ဌာန်လိုက်လေသည်။

- ဗုဒ္ဓေါ ဗောဓေယျံ = သစ္စာတရားကို ငါသိသလို သတ္တ၀ါ ၀နေယျတို့ကိုလည်း သိစေမည်။
- မုတ္တော မောစေယျံ = ဘ၀အနှောင်အဖွဲ့မှ ငါလွတ်သလို သတ္တ၀ါ ဝေနေယျတို့ကိုလည်း လွတ်စေမည်။
- တိဏ္ဏော တာရေယျံ = သံသရာဝဲဂယက်မှ ငါးကူးမြောက်နိုင်သလို သတ္တ၀ါ ဝေနေယျတို့ကိုလည်း ကူးမြောက်စေမည်ဟုလည်း ကြွေးကြော် ကြုံးဝါးတော်မူလိုက်လေသည်
ဒီပင်္ကရာမြတ်စွာဘုရားသည် သုမေဓာရသေ့၏ ဦးခေါင်းရပ်၌ ရပ်တော်မူ၍ -
“အသက်ကိုစွန့်ကာ ခန္ဓာကိုယ်ကိုဝပ်စင်း၍ တံတားခင်းနေသော ဤရသေ့သည် နောင်သောအခါ ငါကဲ့သို့ပင် ဘုရားတစ်ဆူဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ပေးတော်မူသည်၊ ပရိသတ်ကြီးကလည်း ကောင်းချီးပေးကြလေသည်။
ဘုရားရှင်သည် ရသေ့ကိုယ်ပေါ် နင်းကြွတော်မမူဘဲ ရှောင်လွှဲကြွသွားတော်မူ၏၊ ဗျာဒိတ်ရလိုက်သော ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် အလွန်ရွှင်ပျသောစိတ်ဖြင့် ၀မ်းလျားမှောက်ရာမှထ၍ ထက်ဝက်ဖွဲ့ခွေ ထိုင်နေပြီးလျှင် ဘုရားဖြစ်အောင် ကျင့်ဆောင်ရမည့် တရားများကို ဆင်ခြင်တော်မူလေရာ ဒါန၊ သီလ စသော ပါရမီတော်ဆယ်ပါးကို တွေ့မြင်တော်မူ၏၊ ပါရမီတော်များကို အပြန်အလှန် စဉ်းစားဆင်ခြင်သောအခါ မဟာပထ၀ီမြေကြီးကပင် ကောင်းချီးပေးသည့်ပမာ မြေငလျင် ပြင်းစွာတုန်လူပ်လေသည်။
မှတ်ချက်။
။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ
တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment