အကုသိုလ်မဖြစ်အောင်
ကိုယ်နူတ်တို့ကို စောင့်ထိန်းခြင်းကို သီလဟု ခေါ်သည်၊ ထိုသီလမှာ ငါးပါးသီလ
ရှစ်ပါးသီလ စသည်ဖြင့် များစွာရှိသည်၊ ဘုရားအလောင်းတော်သည် ဘ၀များစွာတို့၌
သီလပါရမီတော်ကိုလည်း ဖြည့်ကျင့်ခဲ့သည်၊ အလီနသတ္တုမည်သော မင်းသားဖြစ်စဉ်က
သီလပါရမီ ဖြည့်ကျင့်ပုံမှာလည်း ထင်ရှားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။
အလီနသတ္တုမင်းသား၏ ခမည်းတော်သည် သမင်လိုက်ရာမှ နယ်ကျွံ၍ ဘီလူးတစ်ဦး စိုးပိုင်သော ညောင်ပင်အောက်သို့ ရောက်သွားသည်။ “နောက်တစ်နေ့ ပြန်လာ၍ ဘီလူးအစားခံပါမည်” ဟူသောကတိဖြင့် ဘီလူးထံ ခွင့်ပန်၍ နန်းတော်သို့ ပြန်လာခဲ့သည်၊ ထိုအကြောင်းကို သားတော် အလီနသတ္တုမင်းသား သိသဖြင့် ခမည်းတော်ကိုယ်စား ဘီလူးအစားခံရန် သွားခဲ့လေသည်၊ မင်းသားသည် မိမိစောင့်ထိန်းထားသော ကိုယ်ကျင့်သီလ ညိုးနွမ်းမည်စိုးရိမ်၍ လက်နက်တစုံတရာကိုမျှ ယူမသွားခဲ့ပေ။
ဘီလူးသည် ဘုရားအလောင်းတော် အလီနသတ္တုမင်းသား၏ မကြောက်မရွံ့ ရဲဝံ့သော အမူအရာကို မြင်၍ မသတ်စားဝံ့တော့ဘဲ နောက်ဆုံးတွင် မင်းသား၏အဆုံးအမကို လိုက်နာကာ ငါးပါးသီလစောင့်ထန်းသူ ဖြစ်လာလေသည်။
ဒါနပါရမီဖြည့်ရာ၌ အသက်ကိုပင် စွန့်လှူရဲသော ဘုရားအလောင်းတော်သည် သီလပါရမီဖြည့်ကျင့်ရာ၌ ကိုယ်ကျင့်သီလကို အဘယ်ကြောင့် အသက်နှင့် မလဲဝံ့ဘဲ ရှိအံ့နည်း။
မှတ်ချက်။
။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ
တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment