ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည်
တစ်ဆယ့်သုံးနှစ်မျှ ထီးနန်းစည်းစိမ်ကို ခံစားတော်မူ၍ သက်တော်
၂၉-နှစ်အရွယ်သို့ ရောက်လာလေသည်၊ အလောင်းတော်သည် ဥယျာဉ်တော်သို့
အခြံအရံများစွာဖြင့် ထွက်လေ့ရှိရာ နတ်တို့၏ ဖန်ဆင်းပြသမူကြောင့် သူအို၊
သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို လေးလစီ ခြားကွာ၍ တွေ့ရလေသည်၊
ယခင်ကမူ တောထွက်မည် စိုးသောကြောင့် ခမည်းတော်သုဒ္ဓေါဒနမင်းကြီးက ထိုသို့သော
အနိဋ္ဌာရုံများကို မမြင်တွေ့ရအောင် အစောင့်အရှောက်များချ၍
ဆောင်ရွက်ထားခဲ့သည်။ ဘုရားအလောင်းသည် ထိုအချိန်အထိ အိုသူ၊ နာသူ၊ သေသူ၊
ရဟန်းတို့ကို မမြင်ဖူးသေးချ။ ထိုနိမိတ်ကြီးလေးပါးတို့ကို အစဉ်အတိုင်း
မြင်ရသောအခါ ထိတ်လန့် သံဝေဂ ရတော်မူ၍ “ငါလည်း တစ်နေ့တွင် ဤသို့ပင် အိုရ၊ နာရ၊ သေရမည်” ဟူသော အသိဉာဏ် ပွင့်သွားလေသည်။ နန်းစည်းစိမ်တွင် မပျော်ရွှင်နိုင်တော့ပေ။
ထိုသို့ ထိတ်လန့်ကြောက်ရွံ့နေစဉ်မှာပင် လေးလကြာသောအခါ တရားကျင့်နေသော ရဟန်းတော် အသွင်ကို မြင်ရ၍ အို နာ သေ ၀ဋ်ဒုက္ခမှ လွတ်မြောက်ရေးလမ်းကို သဘောပေါက်သွားသည်၊ “ယနေ့ပင် တောထွက်၍ ရဟန်းပြုတော့အံ့” ဟုလည်း ကြံစည်တော်မူသည်၊ အလောင်းတော်မင်းသားသည် ဥယျာဉ်တော်၌ စံတော်မူနေစဉ်မှာပင် ယသောဓရာမိဖုရားမှ သားဦးရတနာ ဖွားမြင်ကြောင်း သံတော်ဦး တင်ကြရာ “အနှောင်အဖွဲ့တစ်ခုတိုးလာပြီ” ဟုပင် ထိတ်လန့် တုန်လူပ် သွားသည်၊ “ယနေ့ညပင် တောထွက်တော့အံ့” ဟု ဆုံးဖြတ်တော်မူလိုက်သည်။
“ရာဟုဂြိုလ်သည် လကိုဖမ်းသကဲ့သို့ တောမထွက်နိုင်အောင် ငါ့ကိုဖမ်းမည့်သားတော်ပဲ” ဟု ညည်းတွား ရေရွတ်လိုက်လေသည်၊ ထို့ကြောင့် သားတော်ကလေးကို “ရာဟုလာ” ဟု နာမည်မှည့်ကြသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment