ဖွားမြင်ပြီးနောက် ၅-ရက် အရတွင် ခမည်းတော်
သုဒ္ဓေါဒနမင်းကြီးက ဗေဒင်တတ်ကျွမ်းသူ ပုဏ္ဏားတို့ကို ဖိတ်ခေါ်ပြီး
ဘုရားအလောင်းတော်၏ လက္ခဏာကို ကြည့်ရူခိုင်းသည်။ ပုဏ္ဏား ၇-ဦးတို့က “လူ့ဘောင်မှာနေလျှင် စကြ၀တေးမင်းဖြစ်လိမ့်မည်၊ တောထွက်သွားလျှင် ဘုရားဖြစ်လိမ့်မည်ဟု” ဟောကြသည်။ ကောဏ္ဍညပုဏ္ဏားကမူ “မုချဧကန် ဘုရားဖြစ်ရမည်” ဟု ဟောလေသည်၊ သတ္တ၀ါတို့၏ အကျိုးစီးပွား ဆန္ဒများကို ပြည့်ဝစေတတ်သဖြင့် “သိဒ္ဓတ္ထ” ဟု မှည့်ကြသည်၊ အနွယ်တော်အားဖြင့် ဂေါတမအနွယ်ဖြစ်သည်။
သုဒ္ဓေါနမင်းကြီးသည် မယ်တော်မာယာဒေ၀ီနတ်ရွာစံပြီးနောက် ညီမတော် မဟာပဇာပတိဂေါတမီကို မိဖုရားကြီးအရာ တင်မြှောက်၍ မိထွေးတော် ဂေါတမီကသာ အလောင်းမင်းသားကို အစ်မတော်ကိုယ်စား ပြုစုစောင့်ရှောက်ခဲ့ရသည်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် သက်တော်တစ်ဆယ့်ခြောက်နှစ်ရှိသောအခါ မင်းသားတို့ တတ်သင့်သောအတတ်များ တတ်မြှောက်ပြီး ဖြစ်လေသည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်ကို စကြာမင်း ဖြစ်စေလို၏၊ တောထွက်၍ မသွားနိုင်အောင် အလွန်ခမ်းနားသော ရမ္မ၊ သုဘ၊ သုရမ္မ ခေါ် ရာသီအလိုက် နန်းမသုံးဆောင် စီမံ၍ ၁၆-နှစ် အရွယ်တော်မျာပင် ရှင်ဘုရင်အရာကို လွှဲအပ်လေသည်။
မယ်တော်မာယာ၏ မောင်အရင်းဖြစ်သော ဒေ၀ဒဟပြည် သုပ္ပဗုဒ္ဓမင်း၏ သမီးတော် “ယသောဓရာ”ကို ဘုရားအလောင်းတော်၏ ကြင်ယာတော်အဖြစ် ရွေးချယ်၏၊ သိဒ္ဓတ္ထမင်းသားသည် ယသောဓရာကို မိဖုရားခေါင်းကြီးမြှောက်၍ နန်းမသုံးဆောင်၌ ရာသီအလိုက် ချမ်းမြေ့စွာ စံနေတော်မူလေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment