">

Wednesday, July 3, 2013

စေတနာမြင့်၍ အကျိုးပေးမြင့်သူ

“စေတနာမြင့်လျှင် အကျိုးပေးမြင့်သလို စေတနာနိမ့်လျှင် အကျိုးပေးနိမ့်၏”


ပြခဲ့သော သာဓကနှစ်ခုသည် ဝေယျာဝစ္စ ပြုလုပ်ခွင့်ရသော်လည်း စိတ်ထားနိမ့်သောကြောင့် အကျိုးပေးနိမ့်ပုံပင် ဖြစ်၏။ ယခု စိတ်ထားမြင်သောကြောင့် အကျိုးပေးမြင့်ပုံ သာဓကအချို့ကို တင်ပြပေအံ့။



“သုတ္တန္တပိဋကတ်၊ မဟာဝဂ္ဂပါဠိတော်၊ ပါယာသိသုတ်”တွင် ပါယာသိမြို့စားကြီးသည် ဥစ္ဆေဒဒိဋ္ဌိအယူမှားကြီးနှင့် နှစ်ပေါင်းအတော်ကြာ နေခဲ့ရ၏။ တစ်နေ့တွင် အရှင်ကုမာရကဿပမထေရ်၏ အမေးအဖြေတရားများကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သွားခဲ့သည်။ ဗုဒ္ဓဘာသာဝင် ဖြစ်ပြီးသည့်နောက် နေ့စဉ်အလှူကြီးများ ပေး၏။


ထိုအလှူကြီးများအတွက် ဝေယျာဝစ္စလုပ်ပြီး ဦးဆောင်လှူဒါန်းရသူမှာ ဥတ္တရအမည်ရှိသော လူငယ်လေးတစ်ဦး ဖြစ်သည်။ သူတို့နှစ်ဦး လူ့ဘ၀မှ စုတေကြသောအခါ အလှူရှင် ပါယာသိမြို့စားကြီးက လူသက်ဖြင့် အနှစ်ကိုးသန်းအသက်ရှည်သော စတုမဟာရာဇ်နတ်ဘုံရောက်ရပြီး ဝေယျာဝစ္စပြု လုပ်ပေးရသူ ဥတ္တရလုလင်ကား နှစ်ပေါင်း သုံးကုဋေ အနှစ်ခြောက်သန်း အသက်ရှည်သော တာဝတိံသာနတ်ဘုံသို့ ရောက်ခဲ့သည်။


ဤအချက်ကိုထောက်၍ ဘာသာရေး၌ ဝေယျာဝစ္စလုပ်သူများသည် သန့်ရှင်းဖြူစင်စွာဖြင့် ကိုယ့်ပစ္စည်းလို သဘောထားပြီး လုပ်ခဲ့လျှင် အလှူရှင်ထက် ပိုမြင့်သောနတ်ဘုံအထိ ရောက်နိုင်ကြောင်းကို နားလည်ပြီး စေတနာမြင့်မြင့်ထား၍ ပြုလုပ်သင့်၏။ အလှူ့ရှင်ဖြစ်ပါလျက် အနိမ့်ဆုံးနတ်ပြည်သို့ ရောက်ရခြင်းအကြောင်းများကို ထိုသုတ္တန်၌ပင် ထုတ်ပြထား၏။ ယင်းတို့မှာ -

၁။ အရိုအသေပြုပြီး လှူဒါန်းမူ မရှိခြင်း။
၂။ မိမိလက်ဖြင့် ကိုယ်တိုင်လှူဒါန်းမူ မရှိခြင်း။
၃။ အလေးမြတ်ပြုပြီး လှူဒါန်းမူ မရှိခြင်း။
၎။ ဂရုမစိုက်ဘဲ ပစ်ပစ်ခါခါပြုပြီး လှူဒါန်းခြင်း တို့ပင်ဖြစ်၏။


ဤအချက်ကိုထောက်၍ အလှူရှင်များသည် မာန်မာနမထားဘဲ မိမိအလှူကို မိမိကိုယ်တိုင် သာဟတ္ထိကမြောက်အောင် ဦးစီးလှူဒါန်းသင့်ကြောင်း သင်ခန်းစာယူသင့်၏။ ဥတ္တရလုလင်မှာ ဝေယျာဝစ္စကူညီလုပ်ပေးသူ ဖြစ်ပါလျက် အလှူရှင်ထက် မြင့်သောနတ်ဘုံသို့ ရောက်ရခြင်းမှာ -

၁။ အရိုအသေပြုပြီး လှူဒါန်းခြင်း။
၂။ မိမိလက်ဖြင့် ကိုယ်တိုင်လှူဒါန်းခြင်း။
၃။ အလေးအမြတ်ပြုပြီး လှူဒါန်းခြင်း။
၎။ (ဂရုတစိုက်) ပစ်ပစ်ခါခါ မပြုဘဲ လှူဒါန်းခြင်း တို့ကြောင့်ပင် ဖြစ်၏။ 


 မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment