">

Monday, January 14, 2013

မွန်ကြပ်တဲ့ဘဝ

တနေ့ပြီးတနေ့ အရိုးတွေရင့်လဲ
တနေ့ပြီးတနေ့ အသိတွေတိုးမလာ
အတ္တ အလံတွေခိုင်မြဲနေဆဲ
မာနဆိုတဲ့ အသံ ကျယ်လောင်နေဆဲ
ဘာကိုမျှလဲ ရင့်ကျက်မှုမရှိ
မျိုးစေ့မှန် မမှန်သေချာမသိဘူး
ဒီအပင်မသန်တာတော့သေချာနေတယ်
အဖြစ်အပျက်အားလုံး
သဲထဲရေသွန် ဘာမှ အရာမထင်
လူမလေး ခွေးမခန့်တဲ့ ဘဝ
အတွေးအားလုံးကလဲ ခေါက်ရိုးကျိုးနေဆဲ
ခလုပ်ထိတဲ့အချိန်
ဒဏ်ရာဟောင်းအကြောင်းပြောမိကြသေးတယ်
ကာရံမဲ့နေတဲ့ ညများ
သိက္ခာတွေ အရိပ်ခိုတဲ့ နေ့များ
တစ္ဆေတွေ လမ်းပျောက်တဲ့ အချိန်များ
ငါ့  ဘ၀ မှာလဲ အသက်ရှုရတာ
မွန်းကျပ်လွန်းလှတယ်
ညအရောင်က မဟူရာ
ဟန်ဆောင်မှုတွေက ငါ့  ဘ၀ပေါ့
ငါ့  ဘ၀သက်တမ်း
အစိတ်အပိုင်း တခုမှာ 
နာမည်ကောင်းလေးရဖို့ 
အမှန် အမှားခွဲခြားဖို့မချိန်မရှိခဲ့ဘူး
အဲဒီလိုနဲ့
ခါးထဲမှာ မေတ္တာတုတွေတပွေ့တပိုက်
ဘ၀အရေး ဘ၀အရေးနဲ့
ခဏခဏ သိက္ခာတွေမဲ့ခဲ့ရတယ်
ရိက္ခာတွေ မပြတ်တောက်ဖို့
စစ်မှန်တဲ့ မေတ္တာကိုလဲ မရှာနိုင်ခဲ့
မတူညီတဲ့ ရပ်တည်မှုတွေအတွက်
ဘယ်သူ့ အပြစ်လဲ?
(လွန်ခဲ့တဲ့ ၄ လခန့်က ခင်မင်ရသူတစ်ယောက်အတွက်ရေးသားပေးခဲ့တဲ့ကဗျာ)

No comments:

Post a Comment