၇-၇က် ပြည့်သောအခါ သိကြားမင်းဆက်ကပ်သော
သျှိသျှားသီးကို ဘုဉ်းပေးတော်မူ၍ ၀မ်းသက်စေတော်မူသည်၊ သိကြားမင်း ကပ်လှူသော
နွယ်ချို တံပူကို ၀ါး၍ အန၀တတ် ရေစင်ဖြင့် မျက်နှာသစ်တော်မူသည်၊ ထို ၇-ရက်
၇-လီ၊ ၄၉-ရက်အတွင်း မည်သည့်အာဟာရကိုမျှ ဘုဉ်းပေးတော်မမူ၊
မျက်နှာတော်သစ်ခြင်း စသော ကိုယ်လက်သုတ်သင်ပေးရခြင်းလည်းမရှိ၊ အလိုလို
သန့်စင်၏။ နိဗ္ဗာန်ချမ်းသာကို ခံစားကာ အေးမြကြည်လင်တော်မူလျက် ရှိသည်။
သုဇာတာ၏ ဃနာနို့ဆွမ်း ၄၉-ရက်လုံးလုံး ဘုရားရှင်သန္တာန်တော် တစ်ခုလုံး
သြဇာပျံ့နှံ့လျက်ရှိလေသည်။
ထိုသို့ လင်းလွန်းပင်အောက်၌ သီတင်းသုံးတော်မူစဉ် ဥက္ကလာတိုင်း ပေါက္ခရ၀တီမြို့သား တပုဿနှင့် ဘလ္လိက မည်သော လှည်းကုန်သည် ညီနောင် နှစ်ယောက်တို့သည် လှည်းငါးရာဖြင့် မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြလေရာ ဆွေမျိုးတော်စပ်ဖူးသော နတ်၏ ညွှတ်ပြချက်အရ ဘုရားရှင်ကို ဖူးတွေ့ရန် ရောက်လာကြလေသည်။
ကုန်သည်ညီနောင်တို့သည် ဘုရားရှင်ကို သကြား၊ ထောပတ်၊ ပျားရည်တို့ ပေါင်းစပ်၍ မုန့်မူန့်နှင့် ဆုပ်ထားသော မုန့်ဆုပ်ကို ကပ်လှူလေသည်။ ဘုရားရှင်သည် ထိုအာဟာရကို ဘုဉ်းပေးတော်မူပြီးသောအခါ တရားဟောတော်မူ၏။ ကုန်သည်ညီနောင်တို့သည် ဘုရားနှင့်တရား သရဏဂုံ နှစ်ပါးကို ပထမဆုံး ကိုးကွယ် ဆည်းကပ်ရသော ဥပါသကာများ ဖြစ်ကြလေသည်။ (ထို သရဏဂုံကို ဒွေဝါစိက သရဏဂုံဟု ခေါ်၏၊) ထို့နောက် အမြဲကိုးကွယ်ဖို့ ချီးမြှင့်ပါရန် လျှောက်ကြလေရာ မြတ်စွာဘုရားသည် လက်ျာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်တော်မူ၍ ပါလာသော ဆံတော်များကို ချီးမြှင့်တော်မူလိုက်လေသည်။ ထိုညီနောင်နှစ်ယောက်တို့သည်လည်း ဥက္ကလာတိုင်းသို့ ဆံတော်များကို ဌာပနာကြလေသည်။ ထိုစေတီကား ယခုအခါ မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်မြတ်ပင် ဖြစ်သည်ဟု အစဉ်အလာအရ သိမှတ်ယုံကြည်လေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment