၁။ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးသောအခါ ထိုဗောဓိပင်အောက် ရွှေပလ္လင်ထက်ဝယ် ၇-ရက်ကြာအောင် ဖလသမာပတ်ဝင်စားတော်မူကာ ထိုင်နေတော်မူသည်။ (ထို ၇-ရက်ကို ပလ္လင်္ကသတ္တာဟ ဟု ခေါ်သည်။)
၂။ ထိုပလ္လင်မှ ထတ်ာမူကာ ဗောဓိပင်၏ အရှေ့မြောက်ဘက် ၄၈-တောင် ဝေးကွာသောအရပ်၌ ရပ်တော်မူလျက် ကိလေသာအောင်ပွဲခံရာ ဗောဓိပင်နှင့် ရွှေပလ္လင်ကို ၇-ရက်တိတိ မမှိတ်သော မျက်စိဖြင့် ကြည့်ရူတော်မူသည်။ (ထို ၇-ရက်ကို အနိမိသသတ္တာဟ ဟု ခေါ်သည်။)
၂။ ထိုပလ္လင်မှ ထတ်ာမူကာ ဗောဓိပင်၏ အရှေ့မြောက်ဘက် ၄၈-တောင် ဝေးကွာသောအရပ်၌ ရပ်တော်မူလျက် ကိလေသာအောင်ပွဲခံရာ ဗောဓိပင်နှင့် ရွှေပလ္လင်ကို ၇-ရက်တိတိ မမှိတ်သော မျက်စိဖြင့် ကြည့်ရူတော်မူသည်။ (ထို ၇-ရက်ကို အနိမိသသတ္တာဟ ဟု ခေါ်သည်။)
၃။ ထို့နောက် ထိုရပ်တော်မူရာနှင့် ဗောဓိပင်အကြား အရှေ့အနောက် အတောင် ၆၀-ရှည်လျားသော ရတနာစင်္ကြံလမ်းဝယ် ၇-ရက်လုံးလုံးစင်္ကြံကြွလျက် နေတော်မူသည်။ (ထို ၇-ရက်ကို စင်္ကမသတ္တာဟ ဟုခေါ်သည်။)
၎။ ထို့နောက် ဗောဓိပင်၏ အနောက်မြောက် အတောင် ၄၀-ကွာအရပ်သို့ ကြွတော်မူကာ နတ်တို့ဖန်ဆင်းထားသော ရတနာဃရ ရတနာစံကျောင်းတော်၌ ၇-ရက်တိုင် စံနေတော်မူကာ အလွန်လေးနက်သော အဘိဓမ္မာတရားတော်များကို ဆင်ခြင်တော်မူသည်။ အဘိဓမ္မာအဆုံးဖြစ်သော မဟာပဋ္ဌာန်းတရားတော်ကြီးကို ဆင်ခြင်တော်မူသောအခါ စိတ်တော်အထူးကြည်လင်သဖြင့် အသွေးအသားတော်တို့လည်း ကြည်လင်လာကာ ကိုယ်တော်အစိတ်စိတ်မှ တဖိတ်ဖိတ် တလက်လက်ထွက်သော ရောင်ခြည်တော် ခြောက်ဖြာတို့သည် စကြ၀ဠာ အဆုံးတိုင် တဖြိုင်ဖြိုင် ကွန့်မြူးတော်မူကြလေသည်။ (ထို ၇-ရက်ကို ရတနာဃရသတ္တာဟ ဟု ခေါ်သည်။)
၅။ ထို့နောက် ဗောဓိပင်၏ အရှေ့ဘက် ၁၂၈-တောင် ဝေးကွာသော အဇပါလခေါ်သော ဆိတ်ကျောင်းသမားတို့ နားနေရာ ညောင်ပင်သို့ ကြွတော်မူလျက် ၇-ရက်ကြာ ဖလသမာပတ်ဝင်စားကာ နိဗ္ဗာန်ချမ်းသာကို ခံစားတော်မူသည်။ ထိုအတွင်း စစ်ရူံး၍ လက်မိုင်ချနေသော မာရ်နတ်မင်း၏ သမီးသုံးယောက်တို့သည် ဖခင်ကိုသနားလှ၍ ဘုရားရှင်အား ဆက်လက် ဖြားယောင်းရန်လာကြသည်ကို ဆုံးမတော်မူသည်။ (ထို ၇-ရက်ကို အဇပါလသတ္တာဟ ဟု ခေါ်သည်။)
၆။ ထို့နောက် ဗောဓိပင်၏ အရှေ့တောင်ဘက် အတောင် ၂၀၀-ကွာအရပ်၌ မုစလိန္ဒခေါ် ကျည်းပင်ရှိ၏၊ ထိုကျည်းပင်အနီးရှိ ရေအိုင်ကိုလည်း မုစလိန္ဒအိုင်ဟု ခေါ်သည်၊ ထိုကျည်းပင်အောက်သို့ကြွ၍ ၇-ရက်ကြာ ဖလသမာပတ် ၀င်စားကာ နိဗ္ဗာန်ချမ်းသာကို ခံစားတော်မူသည်။ ထိုအခါ ၇-ရက်စွေသော မိုးကြီးရွာသွန်းသဖြင့် လွန်စွာချမ်းအေး၏၊ ထိုရေအိုင်၌ အုပ်စိုးသော နဂါးမင်းသည် မြတ်စွာဘုရား အအေးဒဏ် မခံစားရစေရန် ရည်ရွယ်လျက်မိမိခန္ဓာကိုယ် ကျန်ခုနှစ်ခွေတို့ဖြင့် ဘုရားရှင်ကို ရစ်ပတ်ကာ ဦးထိပ်၌ ပါးပျဉ်းဖြင့် အုပ်မိုးထားလေသည်။ (ထို ၇-ရက်ကို မုစလိန္ဒသတ္တာ ဟုခေါ်သည်။)
၇။ ထို့နောက် မြတ်စွာဘုရားသည် ဗောဓိပင်နှင့် အတောင် ၆၀-အကွာ ရာဇာယတနမည်သော လင်းလွန်းပင်အောက်သို့ ကြွရောက်တော်မူပြီး ၇-ရက်ပတ်လုံး ဖလသမာပတ် ၀င်စားကာ နိဗ္ဗာန်ချမ်းသာကို ခံစားတော်မူသည်။ (ထို ၇-ရက်ကို ရာဇာယတနသတ္တာဟ ဟုခေါ်သည်။)
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment