“ငါ့အပေါ်၌ လူမိုက်တို့ပြုလုပ်လာသော စော်ကားမူကို ငါကပြန်၍ တုံ့ပြန်ပြုမူလျှင် ငါလည်း ထိုသူတို့ကဲ့သို့ မိုက်မဲသူသာ ဖြစ်ပေမည်” ဟု ကြံစည်၍ ဒေါသမထွက် စိတ်ပျက်အားငယ်မူ မရှိဘဲ စိတ်အေးအေးနှင့် မိမိက အလျှော့ပေး အနစ်နာခံလိုက်ခြင်းကို ခန္တီပါရမီဖြည့်သည်ဟု ခေါ်၏။
ဘုရားအလောင်းတော်သည် အများအကျိုး သယ်ပိုးရွက်ဆောင်၍ ခေါင်းဆောင်ရသော ဘ၀တိုင်း သည်းခံခြင်း ခန္တီပါရမီကိုလည်းဖြည့်ကျင့်ခဲ့သည်။ မျောက်မင်းဘ၀ တစ်ခုသည်ကား ခန္တီပါရမီ ဖြည့်ကျင့်မူနှင့် စပ်၍ မှတ်သားဖွယ်ကောင်းလှသည်။
ဘုရားအလောင်းတော်သည် တစ်ခါက အားကောင်းသော မျောက်မင်းဖြစ်၏၊ ဒေ၀ဒတ်လောင်း ပုဏ္ဏားတစ်ဦးသည် သစ်ပင်တက်ရာ၌ သစ်ကိုင်းကျိုး၍ ချောက်ထဲကျသွား၏၊ ငိုယိုမြည်တမ်းနေသော ထိုပုဏ္ဏားကို မျောက်မင်းတွေ့၍ ချောက်ထဲမှ ကယ်တင်လေသည်၊ ထို့နောက် မောပန်းသဖြင့် ထိုပုဏ္ဏား၏ ပေါင်ပေါ် ခေါင်းအုံးကာ အိပ်ပျော်သွားခိုက် ပုဏ္ဏားမိုက်သည် ကျေးဇူးတရားကို မထောက်ထားဘဲ မျောက်မင်းအသား စားလို၍ ဦးခေါင်းကို ကျောက်ခဲဖြင့် ထုရိုက်လေသည်။
မျောက်မင်းလန့်နိုးကာ ချက်ချင်း သစ်ပင်ပေါ် ခုန်တက်ပြေးရ၏၊ ထိုရန်သူပုဏ္ဏားမိုက် တောထဲမှာ မျက်စိလည်ကာ သေရှာမည်ကိုလည်း စိုးရိမ်၏၊ အောက်သို့လည်း မဆင်းလာဝံ့။ သစ်ပင်ချင်း ခုန်ကူးကာ ဦးခေါင်းမှကျသော သွေးစက်များကို ခြေရာခံ၍ လိုက်ပါရန် မှာကြားလျက် လူသွားလမ်းအရောက် လမ်းပြပို့ဆောင်ပေးခဲ့သည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:
Post a Comment