ဒါနစသော ပါရမီ
ကောင်းမူများကို သတ်မှတ်ထားသည့်အတိုင်း မပျက်မကွက် စွဲစွဲမြဲမြဲ
အောင်မြင်ပြီးမြောက်အောင် ပြုလုပ်မည်ဟု စိတ်ကို ဆုံးဖြတ်ထားမူ၊
ဆုံးဖြတ်သည့်အတိုင်း ပြုလုပ်မူကို အဓိဋ္ဌာန် ဟုခေါ်၏၊ ဘုရားအလောင်းတော်သည်
ဘ၀များစွာ အဓိဋ္ဌာန်ပါရမီတော်ကိုလည်း ဖြည့်ကျင့်ခဲ့သည်။ တေမိယမင်းစားဖြစ်စဉ်က
အဓိဋ္ဌာန်ပါရမီ ဖြည့်ကျင့်ပုံမှာ အလွန်ထင်ရှားလှပေသည်။
ဘုရားအလောင်းတော်သည် တေမိယမင်းသား မဖြစ်မီ ဘ၀တစ်ခုတွင် ရှင်ဘုရင်ဖြစ်စဉ်က အငြင်ပွားမူများကို တရားအဆုံးအဖြတ်ပေးရာတွင် အနည်းငယ်မှားယွင်းခဲ့သဖြင့် ငရဲကျခဲ့ရဖူးသည်၊ တေမိယမင်းသားကလေးသည် တစ်လသားအရွယ် ထီးဖြူအောက်၌ ပက်လက်နေစဉ် ထီးဖြူကို မြင်သည်မှ စ၍ ရှေးဘ၀များကို ပြန်လည် သိမြင်နိုင်သော ဇာတိဿရဉာဏ်ကို ရလေသည်။ ရှေးမင်းဖြစ်စဉ်က အဆုံးအဖြတ် အမိန့်ပေးလွဲ၍ ငရဲကျခံရပုံကို ပြန်လည်သတိရကာ မင်းဖြစ်ရမည်ကို လွန်စွာ ကြောက်ရွံ့ထိတ်လန့်သွားလေသည်။
ထိုအခါ ရှေးဘ၀က မိခင်ဟောင်းဖြစ်ခဲ့ဖူးသော ထီးချက်စောင့်နတ်သမီး သိသွားသဖြင့် “ချစ်သား-- တေမိယမင်း--မကြောက်ပါနှင့်၊ မင်းမလုပ်ချင်လျှင် ဆွံ့ အ နားပင်းဟန် ဆောင်နေလိုက်ပါ” ဟု တိုက်တွန်း အကြံပေးလေသည်။
ထိုအခါမှစ၍ “မည်သည့်အကြောင်းကြောင့်မျှ စကားမဆိုတော့အံ့၊ ဆွံ့ အ ယောင် ဆောင်နေတော့မည်” ဟု စိတ်ကိုခိုင်မာစွာ ဆောက်တည်အဓိဋ္ဌာန် ပြုလေသည်၊ မပြော မဆို၊ ငိုလည်း မငိုပဲ အရွယ်ရောက်လည်း မထိုင်မထ၊ ပြောသမျှလည်း မကြားဟန် ဆောင်နေခဲ့ရာ အသက်တစ်ဆယ့်ခြောက်နှစ် အရွယ်သို့တိုင်အောင် အခိုင်အမာ ဆုံးဖြတ်၍ နေထိုင်ခဲ့လေသည်၊ ထိုအခါကျမှ ခမည်းတော်မင်းကြီးက “ထီးနန်းနှင့်မတန်”ဟု ဆုံးဖြတ်၍ တောထဲသို့နျင်ထုတ် သတ်ပစ်ရန် အမိန့်ပေးလေရာ တောထဲရောက်သောအခါ ရသေ့ရဟန်း ပြုသွားလေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
You might also like:
No comments:
Post a Comment