ဒီပင်္ကရာဘုရားထံ သုမေဓာ ဗျာဒိတ်ခံပုံ
လူ
နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော သာကီဝင်မင်းသား
မြတ်စွာဘုရားသခင်သည် သုမေဓာဘ၀မှ စ၍ ပါရမီများကို ဖြည့်ကျင့်ခဲ့သည်။
ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်လျှင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၌ အမရ၀တီ မင်းနေပြည်၌ သုမေဓာအမည်ဖြင့် သူဌေးသားဖြစ်ခဲ့လေသည်။ အမိဘက် အဖဘက်(ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်) ဆင်းသက်လာခဲ့သော သူဌေးမျိုးဖြစ်ခဲ့သည်။ ကိုယ်ကျင့်သီလ စင်ကြယ်၍ အခြားအမျိုးနှင့် မရောမစပ် အမျိုးသန့်၏။

သုမေဓာ၏ ဘ၀အမြင်
သုမေဓာသူဌေးကလေးသည်
တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်လျှင် တတ်သင့်သောပညာ တတ်မြောက်လေသည်
မိဘနှစ်ပါးကား သုမေဓာသတို့သား ငယ်စဉ်ကပင် ကွယ်လွန်သွားကြ၏။
ဥစ္စာပစ္စည်းအားလုံးကို ပစ္စည်းထိန်းမင်းကြီးက ထိန်းသိမ်းထား၏။ ပညာတတ်မြောက်၍
တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ ပစ္စည်းထိန်းမင်းကြီးက ရွှေတိုက်
ငွေတိုက် စသော ဘဏ္ဍာတိုက်များကို စာရင်းနှင့်တကွ အပ်နှင်းလေသည်။
သုမေဓာသတို့သားသည် ဥစ္စာပစ္စည်းများကို ကြည့်၍ “ငါ၏ မိဘ ဘိုးဘွား ဆွေမျိုး အဆက်ဆက်တို့သည် ဥစ္စာပစ္စည်းကို ရှာရုံသာ ရှာတတ်၍ ကိုယ့်နောက်ပါအောင် ယူဆောင် မသွားနိုင်ခဲ့ကြရှာပေ၊ ငါကား ကိုယ့်နောက်ပါအောင် ယူဆောင် သွားမည်”ဟု ကြံစည်လေသည်။ အပူရှိလျှင် အအေးရှိသကဲ့သို့ သေခြင်းသဘော ရှိလျှင် မသေခြင်းသဘောလည်း ရှိရမည်ဟု စွဲမြဲစွာ ယုံကြည်ထားလေသည်။
ထို့နောက် ရှိသမျှ ဘဏ္ဍာတိုက်များကို ဖွင့်၍ ပစ္စည်းအားလုံးကို စွန့်ကြဲကာ ဟိမ၀န္တာသို့ထွက်၍ ရှင်ရသေ့ပြုလေသည်။ ရသေ့ဝတ်ပြီးနောက် တရားအားထုတ်တော်မူရာ (၇)ရက်အတွင်းမှာပင် ဈာန်အဘိညာဉ် တန်ခိုးကို ရ၍ ကောင်းကင်၌ သွားလာ လှည့်လည်၍ နေလေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:
Post a Comment