">

Tuesday, October 2, 2012

ရဟန်းတော်များကို ဇွန်း ၊ခရင်းနဲ့ ဆွမ်းကပ်ကောင်းပါသလား

by ဗုဒ္ဓဘာသာ / အတွေးအမြင် on Tuesday, August 28, 2012 at 8:01pm ·
(အရှင်ဘုရား ရဟန်းတော်များကို ဆွမ်းကပ်တဲ့အခါမှာ ဇွန်း ခရင်းတို့ဖြင့် ကပ်ကောင်း မကောင်းဆိုတာ ဖြေကြားပေးတော်မူပါဘုရား)

ဇွန်း ခရင်းနဲ့ ကပ်ကောင်းမကောင်းဆိုလို့ တစ်ခါတုန်းက ကမ္ဘာအေးမှာ ဖြစ်ပျက်သွားတာလေး တစ်ခုကို သတိရမိတယ်။

အဲဒိတုန်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှာ ဥက္ကဋ္ဌက ပဲခူးမြို့မဆရာတော်ကြီးဖြစ်ပြီး အကျိုးတော်ဆောင်ချုပ်က မင်းကွန်းဆရာတော်ကြီးဖြစ်တယ်။ ရဟန်းတော်များဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနားမှာ သင်တန်းသားရဟန်းတော်တွေကို ဆွမ်းကပ်တဲ့အခါမှာ ဇွန်းခင်းနဲ့ကပ်ဖို့ မင်းကွန်းဆရာတော်ကြီးက မှာကြားထားတာမို့ ဆွမ်းကပ်တာဝန်ကျသူများက ဇွန်းခရင်းနဲ့ ကပ်လှုကြတယ်။

ဒါကို သာသနာရေးဌာနက အရာရှိကြီးတစ်ယောက် မျက်စိစပါးမွှေးစူးသွားပြီး ဇွန်းခရင်းနဲ့မကပ်ဖို့ ပြောတယ်။ မင်းကွန်းဆရာတော်ကြီးက ခိုင်းထားလို့ပါလို့ ပြန်ပြောတဲ့အခါမှာ ဥက္ကဋ္ဌပဲခူးမြို့မဆရာတော်ကြီးဆီကို သွားပြီးတော့ မင်းကွန်းဆရာတော်ကြီးက ဒါမျိုးကပ်ခိုင်းတယ်ဘုရား။ အဲဒါ မင်းကွန်းဆရာတော်ကြီးကို ဆုံးမပေးပါဆိုပြီး သွားလျှောက်တယ်။ သာသနာရေးအရာရှိကြီးက ဇွန်းခရင်းနဲရဟန်းတော်တွေ မဘုဉ်းပေးကောင်းဘူးလို့ မှတ်ယူထားတာကြောင့်ဖြစ်တယ်။

မင်းက ဘုရားထက်ပိုသိပိုတတ်နေလို့လား။ မင်းကွန်းဆရာတော်ကြီးခိုင်းရင် ခိုင်းတဲ့အတိုင်းလုပ်လိုက်ပေါ့ ဆိုပြီး ဥက္ကဋ္ဌပဲခူးမြို့မဆရာတော်ကြီးက ပြောလွှတ်လိုက်တယ်။ (မင်းကွန်းဆရာတော်ကြီးဟာ ပိဋကသုံးပုံကို နှုတ်ငုံဆောင်သူမို့ သုတဗုဒ္ဒဖြစ်တယ်)

အရာရှိကြီးက ဒါကို မကျေနပ်နိုင်သေးပဲ မင်းကွန်းဆရာတော်ကြီးဆီကို သွားပြီးတော့ ကိုယ်တိုင်သွားလျှောက်ပြန်တယ်။ မင်းကွန်းဆရာတော်ကြီးက အပြစ်မရှိကြောင်း ဇွန်းခရင်းနဲ့ဘုဉ်းပေးတာဟာ ကျန်းမာရေးအတွက်လဲ သင့်တော်ကောင်းမွန်ကြောင်း ဆွမ်းကပ်ဝေယျာဝေစ္စလုပ်သူတွေလဲ သက်သာကြောင်း မဟုတ်ရင် လက်ဆေးရေ လက်ဆေးဆပ်ပြာနဲ့ အလွန်အလုပ်ရှုပ်ကြောင်း သေချာရှင်းပြတယ်။

ဒါကို အရာရှိကြီးက မကျေနပ်နိုင်သေးပဲ ဇွန်းခရင်းနဲ့ ဘုဉ်းပေးကောင်းတယ်လို့ ဘယ်ဘုရားကဟောခဲ့လဲ ဆိုပြီး ဒေါနဲ့မောနဲ့ ပြန်ပြောတယ်။

မင်းကွန်းဆရာတော်ကြီးကလဲ ဇွန်းခရင်းနဲ့ မဘုဉ်းပေးကောင်းဘူးလို့ ဘယ်ဘုရားက တားမြစ်ခဲ့လဲ ဆိုပြီး ပြန်မေးခဲ့လိုက်တယ်။ (ဒီလိုလူတွေက ဒီလိုမှမလုပ်ရင် မရဘူးလေ)

ကဲ ဒီလောက်ဆိုရင် နားလည်လောက်ပြီထင်ပါတယ်နော်။ မရှင်းတာရှိရင်လဲ ပြန်မေးပေါ့။

…………………………………………………………………………………………..မိုးသု(မန္တလေး)

မူရင်း=ဇွန်းခရင်းနဲ့ ဆွမ်းကပ်ကောင်းပါသလား

No comments:

Post a Comment