">
Showing posts with label သုတ-ရသ. Show all posts
Showing posts with label သုတ-ရသ. Show all posts

Monday, January 14, 2013

အိုမင်းသွားတဲ့ နုပျိုခြင်း

အိုမင်းသွားတဲ့ နုပျိုခြင်း


"မေကြီး... သမီးရဲ့ပစ္စည်းကို မေကြီးဘယ်နားထားလိုက်သလဲ?"

ရိုးရိုးရှင်းရှင်းစကားလေး တစ်ခွန်းတည်းပါပဲ.. ဒါပေမယ့် မိခင်အပေါ် မှီခိုခြင်းတွေပါနေခဲ့တယ်။ ကျွန်မတို့ဟာ မိဘတွေရဲ့ ကရုဏာအကြင်နာ၊ ဂရုစိုက်ပျိုးထောင်မှုအောက်ကနေ တဖြေးဖြေးကြီးပြင်းလာခဲ့ကြတယ်။

"သမီး အရွယ်ရောက်နေပြီနော်.. ကိုယ့်ပစ္စည်းကိုယ်သေချာမသိမ်းဘဲ အမေ့ကို လာမေးနေသေးတယ်"

အမေရဲ့တဗျစ်တောက်တောက် မြည်တွန်းမှုတွေက ချစ်ခြင်းမေတ္တာအသွင် ပြောင်းသွားခဲ့တယ်။

"မြန်မြန် မေကြီးရဲ့.. ဘယ်နားထားလိုက်လဲဆို .. သမီးရုံးနောက်ကျတော့မယ်"

အမေရဲ့ဗျစ်တောက်တောက်ကို ကျွန်မတို့ကအမြဲတမ်း စိတ်မရှည်၊ စိတ်ရှုပ်တာနဲ့ တုန့်ပြန်ခဲ့တယ်။

"သမီး.. ရုံးမသွားခင် အမေ့ကို အပ်နဲ့အပ်ချည်ထိုးပေးခဲ့ပါနော်"

အရင်တုန်းက အပ်တစ်ပင်ချင်းထိုးပြီး ကျွန်မတို့အတွက် အမေအင်္ကျီတွေဖာထေး၊ ချုပ်ပေးခဲ့တာတွေကို ကျွန်မအမှတ်တမဲ့ သတိရလိုက်မိတယ်။ အရင်တုန်းကပုံရိပ်လေး မတွေ့တာတောင် ကြာခဲ့ပပေါ့လား!

အချိန်ဖြတ်သန်းကုန်လွန်တာကို သတိမထားမိချိန် သားသမီးတွေက မိခင်ကိုမှီခိုရာကနေ
မိခင်က သားသမီးတွေကို ပြန်မှီခိုချိန်ရောက်ခဲ့ပြီ။

အချိန်ဖြတ်သန်းကုန်လွန်တာကို သတိမထားမိချိန် မိဘတွေရဲ့ခေါင်းပေါ်က ဆံပင်နက်နက်တွေ ငွေရောင်သမ်းခဲ့ပြီ။


အချိန်ဖြတ်သန်းကုန်လွန်တာကို သတိမထားမိချိန် မိဘတွေရဲ့မျက်ထောင့်က အရစ်ကြောင်းတွေ နက်သထက်နက်ခဲ့ပြီ။

မိဘတွေရဲ့ ပါးစပ်ဖျားက တပျစ်ပျစ်တောက်တောက်သံတွေဟာ ဘယ်အချိန် ဘယ်အခါကတည်းက သက်ပြင်းချသံတွေအဖြစ် ပြောင်းသွားခဲ့ပြီလဲ?
သူတို့ ဘာကိုသက်ပြင်းချနေသလဲ? လူ့ဘဝ တိုတောင်းတာကိုပေါ့။
သူတို့ ဘာကိုပူပင်သောကရောက်နေသလဲ? သားသမီးတွေရဲ့ အနာဂတ်ကိုပေါ့။
လောကမှာ ကိုယ့်သားသမီးကိုမချစ်တဲ့ မိဘဆိုတာမရှိသလို၊ ကိုယ့်သားသမီးရဲ့ အနာဂတ်ကို စိတ်မပူတဲ့မိဘဆိုတာလည်း မရှိပါဘူး။

ကိုယ့်မျက်စိရှေ့က သစ်ပင်ကြီးဟာ ဘယ်အချိန် ဘယ်အခါကတည်းက အိုမင်းရင့်ရော်သွားခဲ့ပါသလဲ?
ကိုယ့်ကိုစောင့်မျှော်နေတဲ့ မီးအိမ်လေးတစ်လုံးက ဘယ်အချိန် ဘယ်အခါမှာ ငြိမ်းသွားခဲ့သလဲ?
မိဘတွေရဲ့စကားတွေမှာ မောပန်းနွမ်းနယ်မှုတွေ ဘယ်အချိန် ဘယ်အခါကတည်းက ပါနေခဲ့သလဲ?

ပြင်ပလောကမှာ စိတ်ထိခိုက်ကြေကွဲစရာတွေ ဘယ်လောက်ပဲကြုံခဲ့ကြုံခဲ့ မိဘတွေက ကျွန်မတို့ရဲ့ ရင်ဖွင့်ရာနေရာ၊ မှီခိုကမ်းကပ်ရာ ဆိပ်ကမ်းကြီးပါ။ နွေမိုးဆောင်းရာသီတွေ ဘယ်လိုပဲဖြတ်သန်းကုန်လွန်ပါစေ... ဒီရာသီပြီးရင် နောက်ရာသီကလာစမြဲ၊ ဒီကနေ့ကုန်ရင် မနက်ဖြန်ကရောက်လာစမြဲ။ အချိန်အလှည့်အပြောင်းမှာ ကုန်လွန်ဖြတ်သန်းရတာက ဥတုရာသီ၊ ဒီကနေ့၊ မနက်ဖြန်ဆိုတဲ့ နေ့ရက်တွေအပြင် မြင်သာမြင်ပြီး ကိုင်တွယ်လို့မရတဲ့ နုပျိုခြင်းတွေလည်း ပါပါတယ်။

မိဘတွေက အိုမင်းသွားလည်း ချစ်ခြင်းမေတ္တာက မပြောင်းလဲဘူး။ အဲဒီချစ်ခြင်းမေတ္တာကို သားသမီးတွေက ဆက်လက်ထိန်းသိမ်းတယ်။ ဒါဟာ လောကကြီးမှာ မပြောင်းလဲတဲ့ မပြောင်းလဲနိယာမပဲဖြစ်မယ်ထင်ပါတယ်။ ကျွန်မတို့ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ရာထူးကြီးသည်ဖြစ်စေ၊ ရာထူးမဲ့သည်ဖြစ်စေ မိဘတွေရဲ့အကြည့်မှာ၊ မိဘတွေရဲ့ရှေ့မှာ ကျွန်မတို့ဟာ အမြဲတမ်း ကလေးငယ်တစ်ယောက်ပါပဲ။ ကိုယ့်သားသမီးဘေးမှာနေပြီး သားသမီးတွေကြီးပြင်းလာတာကို အရိပ်တကြည့်ကြည့် ကြည့်ချင်ခဲ့တာ မိဘတိုင်းရဲ့ရင်ထဲကဆန္ဒပါ။

"ဖေဖေမေမေတို့ ပင်ပန်းပါပြီ။ ကျွန်မတို့ ကြီးပြင်းလာခဲ့ပါပြီ။ ဖေဖေမေမေတို့ကို ကျွန်မတို့ တစ်လှည့်ပြုစုပါရစေနော်" ဆိုတဲ့စကားတစ်ခွန်းက မိဘတွေအပေါ် ကျွန်မတို့အမြဲအကြွေးတင်နေတဲ့ စကားပဲဖြစ်မယ် ထင်ပါတယ်။

မေမေ မသွားပါနဲ့..



သူ့အသက်ငါးနှစ်….
“မေမေ.. မေမေ့စကားကို သားနားထောင်ပါမယ်။ မေမေ မသွားပါနဲ့..”

မူကြိုကျောင်းရဲ့ ကျောင်းပေါက်ဝမှာ မေမေ့ခြေထောက်ကိုဖက်ပြီး သူငိုယိုတောင်းပန်တယ်။ မေမေကထိုင်ချပြီး သူ့ပါးနှစ်ဘက်ကို လက်နှစ်ဘက်နဲ့ ကိုင်လိုက်တယ်။


“ယောက်ျားလေးဆိုတာ မျက်ရည်မကျရဘူး သား… အထဲမှာ သားနဲ့အတူ ဆော့ကစားမယ့် ကိုကိုမမတွေ အများကြီးရှိတယ်။ ပြီးတော့ ဆရာမကလည်း သားကို သီချင်းတွေ အများကြီးသင်ပေးဦးမှာ။ သား သေချာလိုက်ဆိုပြီး မေမေ့ကိုပြန်ဆိုပြနော်။ မေမေရုံးဆင်းတာနဲ့ သားကို လာကြိုမယ်”
မေမေ့ပြောစကားကို သူမျက်ရည်သုတ်ပြီး ခေါင်းညိတ်ပြတယ်။


သူ့အသက်ဆယ်နှစ် ….
“မေမေ……”

ကျောင်းပေါက်ဝမှာ မေမေကိုတွေ့တာနဲ့ သူပြေးဖက်တယ်။ မေမေ့ရင်ခွင်ထဲ ဝမ်းသာအားရ သူခေါင်းလေးတိုးဝှေ့တယ်။


“ဖြေနိုင်လား သား?”


အမှတ်ပြည့်ရတဲ့ အဖြေစာရွက်ကို မေမေဆီ သူထိုးပေးတယ်။


“မေမေ့သားက တော်လိုက်တာ… လာ.. မေမေတို့ တစ်ခုခုသွားစားရအောင် သားကို ဂုဏ်ပြုရမယ်”



သူ့အသက် ဆယ့်ငါးနှစ်….

“သား မသွားချင်ဘူး.. သား ကျူရှင်မတက်ချင်ဘူး…ကျူရှင်တက်လည်း အပိုပဲ”

မေမေက စိတ်ဆိုးမာန်ဆိုးနဲ့ အဖြေလွှာစာရွက်ကို ထိုးပြပြီး “သား အမှတ်စာရင်းကို သားကြည့်ပါဦး။ ဘာဖြစ်လို့ မေမေ့စကားကို သားနားမထောင်ရတာလဲ? ဒီလိုပုံစံနဲ့ဆက်သွားရင် တက္ကသိုလ်တက်ရမှာမဟုတ်ဘူး။ သားကို ပညာတတ်စေချင်လို့ မေမေ ပိုက်ဆံအကုန်ခံပြီး ကျောင်းထားတာ၊ တစ်နေကုန် ဂိမ်းကစားဖို့ မဟုတ်ဘူး သား…”
သူ တံခါးဆောင့်ပိတ်ပြီး အပြင်ကိုထွက်သွားလိုက်တယ်။ သူ့နောက်ကျောမှာ မေမေ့အသံကပ်ပါလာတယ်။

“သား……. ပြန်လာခဲ့……!!”



သူ့အသက် ၂ဝနှစ်…..

“သား အိမ်မပြန်တော့ဘူး မေမေ.. ဒီည သားသူငယ်ချင်းတွေနဲ့ ပါတီလုပ်မယ်။ အော်.. မေမေကို ပြောရဦးမယ်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ သားဖြည့်လိုက်ပြီနော်.. ” ရီဝေဝေအသံနဲ့ မေမေဆီ သူ့ဖုန်းဆက်တယ်။

“အိမ်ပြန်လာပြီး ဖြည့်ပါလား သား… မေမေ့ကို တိုင်ပင်ပြီးမှ ဖြည့်ပါလား! မေမေ့ကိုလည်း ဘာမှမတိုင်ပင်ပဲနဲ့ သား ဘာလို့ မေမေ့စကား နားမထောင်ရတာလဲ? သား …ဘာလိုင်းဦးစားပေးလျှောက်ထားသလဲ?”


“ဟာ… မေမေကလည်း စိတ်ရှုပ်လိုက်တာ.. သားကိစ္စ သားသိပါတယ်.. မေမေ ဝင်မပါပါနဲ့..”


မေမေဘက်က ဘာမှမပြောခင် သူဖုန်းအရင်ချပစ်လိုက်တယ်။ ပြီးတော့ ခွက်ကိုကိုင်မြောက်ပြီး အပေါင်းအသင်းဘက်လှည့်လိုက်တယ်။


“သူငယ်ချင်းတို့ရေ.. လာကွာ.. ချီးယားစ်…”



သူ့အသက် ၃ဝနှစ်…..

“အရက်သောက်ဖို့ စိတ်ရှိသေးတာလား?”

သူ့လက်ထဲက ဖန်ခွက်ကို မေမေလုယူပြီး ပြောလိုက်တယ်။


“ဒီမိန်းကလေး မဆိုးပါဘူး.. မေမေ ဘယ်တော့မှ မြေးချီရမလဲ သားရယ်..”


“သူ့ကို သားမကြိုက်ဘူးမေမေ… ဟို ကောင်မလေးနဲ့ စပ်ပေး ဒီကောင်မလေးနဲ့ စပ်ပေး မလုပ်နဲ့တော့မေမေ။ သားကို နေရာလပ်လေးတစ်ခုပေးပါ…”


“မေမေ့စကားကို တစ်ခေါက်လောက် နားထောင်ပေးပါလား သား? မေမေ ပြောမယ်….”


“ဟာ……. သား နားမထောင်ဘူး… ငယ်ငယ်လေးကတည်းက အခုချိန်ထိ မေမေ့စကားကို သားနားထောင်နေခဲ့တာ.. မေမေ ပြောတာတွေ ဘယ်လောက်မှန်လို့လဲ? ဘယ်လောက်မှန်လဲ?”



သူ့အသက် ၄ဝ…..
“ပိုက်ဆံက ဘယ်လောက်မှ မများပါဘူး။ လိုအပ်တာဝယ်ဖို့ မေမေအတွက် သားပိုက်ဆံထည့်ပေးလိုက်တယ်။ ပိုက်ဆံလိုတဲ့အခါ ဖုန်းထပ်ဆက်လိုက်ပေါ့…”

“မေမေ ဘာမှမလိုဘူးသား… နှစ်ကုန်တဲ့အခါ မြေးတွေခေါ်ပြီး အိမ်ပြန်ခဲ့ပါဦး.. သားတို့ကို မေမေလွမ်းလို့ပါ.. ပြီးတော့ သားကို မေမေပြောပြစရာတစ်ခုရှိတယ်…”


“နှစ်ကုန်ရင် ကုမ္ပဏီကလုပ်ငန်းတိုးချဲ့မယ်တဲ့။ သား တော်တော်နဲ့ ပြန်လာဖြစ်မှာ မဟုတ်ဘူး မေမေ… နောက်ကြုံမှ ပြောကြတာပေါ့…”
ဖုန်းကို သူအရင်ချပစ်လိုက်တယ်။


သူ့အသက် ၄၁နှစ်…..
စီးကရက်တစ်လိတ်ကို ဖွာရင်း စာတိုက်ကပို့လာခဲ့တဲ့ စာတစ်စောင်ကို သူကြည့်နေမိတယ်။ စာအိတ်ပေါ်မှာ ပေးပို့သူလိပ်စာ မပါဘူး။ စာအိတ်ကို ဖောက်ကြည့်တော့ စာအိတ်ထဲမှာ.... သားအဖြစ် မွေးစားစာချုပ်တစ်စောင်၊ သေဆုံးကြောင်း ဆေးလက်မှတ်တစ်စောင်…. ဆေးလိတ်မီးခိုးငွေ့ကြားမှာ သူ့အမြင်တွေ မှုန်ဝါးသွားခဲ့တယ်။

အုတ်ဂူတစ်ခုရှေ့မှာ သူဒူးထောက်နေမိတာ ဘယ်လောက်ကြာခဲ့မှန်း မသိတော့ဘူး။ သူ့နှလုံးသားတွေ ကွဲအက်မွကြေလို့… ဆို့နင့်တဲ့အသံနဲ့ မေမေကြားနိုင်ဖို့ နောက်ဆုံးစကားတစ်ခွန်း သူပြောလိုက်တယ်။ တမလွန်က မေမေ သူ့အသံကို ကြားနိုင်ပါစေ…

“မေမေ… မေမေ့စကားကို သားနားထောင်ပါတော့မယ်.. မေမေ ထွက်မသွားပါနဲ့…”

Friday, November 9, 2012

“ခါးကြော ခါးနာတာနှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန် ။ မချွင်လေး(ပါရီ)

 
    (မေး) ခါးကြော..တင်ပါးကြောတွေများညှပ်ရင်ဘယ်လို ကုစားနိုင်တာနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေလဲ ရေးပေးပါအုံး နော်..ကျေးဇူးတင်ပါတယ်..
ဒီဇင်ဘာမိုး။

(ဖြေ) ဆေးပညာအရ “(back pain)” ဆိုတာ နံရိုးအောက်ပိုင်းမှစပြီး ခြေထောက်အထက် ပိုင်းနေရာအထိ ကျောဘက်ပိုင်းမှာနာတာကို ခေါ်ပါတယ်။တကယ့် ဒါရိုက် ဘာသာပြန်ရင် “ကျောနာ” ကို မြန်မာလိုအများအားဖြင့် “ခါးနာ” လို့ပြောဆိုကြပါတယ်။

     ဆေးပညာ “ကျော (back)”ဆိုတဲ့ နေရာရဲ့အလယ်မှာ ကျောစစ်ရိုး (vertebra)တွေ တစ်ကွင်းပေါ်တစ်ကွင်း ထပ်လျှက်ရှိပါတယ်။ ကျောစစ်ရိုးတစ်ခုနှင့် တစ်ခုကြားမှာ အရိုးများ ထိခိုက်မှု မရှိစေရန် (intervertebral disc) လို့ခေါ်တဲ့ အရွတ်ဝိုင်းလေး တစ်ခုဆီ ရှိပါတယ်။ ဒီကျောရိုး တည်ဆောက်ပုံကြောင့်  ကျောရိုးတစ်ကွင်းပေါ်မှာ တစ်ကွင်း လှည့် နိုင်ပါတယ်။ တစ်နည်း ခါးကို ဘယ်ညာ လှည့်လို့ ရပါတယ်။ ကျောရိုးကွင်းတွေရဲ့ အလယ် ပေါက် ထဲမှာ အလယ်နပ်ကြောမကြီး (central nerve column) ရှိပါတယ်။

    ကျောရိုးကွင်းတစ်ခုဆီရဲ့ ဘေးတစ်ဘက်တစ်ချက်မှာ အပေါက်ငယ်လေးတစ်ခုဆီ  ရှိပါတယ်။ အဲ့ဒီအပေါက်တွေမှာ လက်ခြေကနပ်ကြောတွေနှင့် ကျောရိုးတွင်းက အလယ်နပ် ကြောမကြီးကို ဆက်ပေးတဲ့ နပ်ကြောတွေ ရှိပါတယ်။

   ကျောရိုးတွေရဲ့အပြင်မှာတော့ ကျောရိုးကွင်းတွေ တစ်ကွင်းပေါ်တစ်ကွင်း တည် နေ နိုင်အောင်၊ ချုပ်ထိမ်းထားတဲ့ ကြွက်သားတွေ (Muscle) နဲ့ အရွတ်တွေ(ligaments)  ရှိပါ တယ်။ ဒါကြောင့် ခါးနာတယ်ဆိုရင် ခါးနေရာမှာရှိနေတဲ့ ကြွက်သား၊ အရွတ်၊ အရိုး၊ အကြော တွေထဲက တစ်ခုခုကြောင့် နာတာဖြစ်ပါတယ်။

    ခါးနာတယ်၊ ခါးကြောညှပ်တယ်၊ တင်ပါးကြောညှပ်တယ်၊ ဆိုတာကတော့ ဝေဒနာ ခံစားရတဲ့ သူများက ၎င်းတို့ခံစားရတဲ့ နာကျင်တဲ့နေရာနဲ့ ၎င်းတို့ကြားဘူးနားဝ ရှိတဲ့ ဆေး ဗဟုသုတ အလိုက် ပြောဆိုကြတာပါ။ ထေက်ပါခံစားချက်များနဲ့ ဆရာဝန် လာပြသူ ၈၀% မှာ ခါးနာရတဲ့အကြောင့်းကိုရှာ မတွေ့ တတ်ပါဘူး။ ဆိုလိုတာက ခါးနာစေတဲ့ ဘာရောဂါမှ မရှိပါ ဘူး။ တစ်ခါတစ်ရံမှာတော့ ရုတ်တရက် ခါးမှာရှိတဲ့ ကြွက်သား (၀ါ) အရွတ်တွေကို ဆွဲဆန့် သလိုမျိုး (an over-stretch of a ligament or muscle) လုပ်မိတာကြောင့် ဥပမာ အလေး တစ်ခုခုမလိုက်တာ (၀ါ) ခလေး ကုန်းပြီး ချီလိုက်တာမျိုး၊ အမှတ်တမဲ့ခါးလှည့် လိုက်တာမျိုး ကြောင့် ခါးနာသွား တာမျိုးလည်း ဖြစ်တတ် ပါတယ်။ အဲ့ဒီလို ခါးနာတာမျိုးကို လူကြီးများတွင် ဖြစ်တတ်သော မသေချာတဲ့ ခါးနာဝေဒနာလို့ ဆေးပညာမှာ ခေါ်ဆိုပါတယ် (Non-specific Lower Back Pain in Adults)။

    ဒီလိုခါးနာမျိုးက များသောအားဖြင့် တစ်ပတ်အတွင်း ပျောက်ကင်းသွားတတ်ပါ တယ်။ အနာသက်သာစေတဲ့ ပါရာဆက်တမော (paracetamol) လို ဆေးများသောက် ခြင်းအားဖြင့်လည်းသက်သာစေပါတယ်။ ခါးနာ မြန်မြန်ပျောက်အောင် လုပ်နေကျ အလုပ် များကို တတ်နိုင်သမျှဆက် လုပ်ရပါမယ်။ ယခင်က ခါးနာ ဝေဒနာသည်များအား အမာခံ မျက်နှာပြင် ညီညာသော အိပ်ယာ ဥပမာ ပြင်ခင်းများပေါ်မှာ အိပ်ခိုင်းလေ့ ရှိပါတယ်။ ဒါပေမဲ့ ယခုနောက်ပိုင်း တွေ့ရှိချက်များအရ အနာသက်သာဆေးသောက်ပြီး လုပ်နေကျ အလုပ်များ ဥပမာ ဈေးသွားခြင်း၊ လမ်းလျောက်ခြင်း ကဲ့သို့သော ခါးကိုမထိခိုက်စေသော လှုပ်ရှားမှုများ လုပ်ခြင်းက ခါးနာ ပိုမိုသက်သာစေတာ တွေ့ရပါတယ်။ ခါးနာသူများ၊ ခါးနာ ဖူးသူများ၊ ခါးနာဝေဒနာဖြစ်တတ်သည့် အသက် (၅၀) ကျော်အရွယ်များ အောက်ပါ ဆောင်ရန် ရှောင်ရန် များကို အလေ့အကျင့် လုပ်ထားမယ်ဆိုရင် ခါးနာဝေဒနာက လွတ်ကင်းပါလိမ့်မယ်။

၁။ ပစ္စည်းတစ်ခုခုကို ကုန်းပြီးကောက်ရင် ခါးရိုးကိုချိုးသလိုဖြစ်စေပါတယ်။ ဒါကြောင့်ပစ္စည်းကောက်ချင်ရင် ထိုင်ပြီးမှကောက်ရပါမယ်။
၂။အိပ်ရာမှထတဲ့အခါ ပက်လက်အနေအထားက ထရင်လည်း ခါးချိုးသလို ဖြစ်ပါတယ်။ ဒါကြောင့်ပက်လက်အနေအထားမှ ဘေးဆောင်း အနေအထားသို့ပြောင်းပြီးမှ ထရပါမယ်။
၃။ အလေးအပင်များ မလျှင် လက်တစ်ဖက်ထဲနဲ့ မ မပဲ။လက်နှစ်ဖက်မျှပြီး မပါ။ ဥပမာ နှစ်ကီလိုရှိတဲ့ ပစ္စည်းဆိုရင် လက်တစ်ဘက်ဆီနဲ့ တစ်ကီလိုဆီ မခြင်းဖြင့် ခါးအပေါ် သက်ရောက်သော အလေးချိန်ကို မျှတ စေပါတယ်။
၎။ ပက်လက်ကုလားထိုင် ထိုင်ခြင်းကလည်း ခါးရိုး ချိုးသလိုဖြစ်တာမို့ မထိုင်သင့်ပါဘူး။

၅။ အလွန်ပျော့သောမွေ့ယာ(ကိုယ်ခန္ဓာခွက်ဝင်သွားသောမွေ့ယာ)နဲ့ မအိပ်ပါနဲ့။

၆။ခါးကိုအမှတ်တမဲ့ လှည့်တာမျိုး မလုပ်ပါနဲ့။
၇။ကြာရှည်စွာ ခါးကုန်းပြီးထိုင်ခြင်း မလုပ်ပါနဲ့။သတိထားပြီး ခါးဖြောင့်ဖြောင့် ထားပြီး ထိုင်ပါ။

၈။ သောကဖိစီးမှုကြောင့် ခါးရှိကြွက်သားများ တောင့်တင်းပြီး ခါးနာတတ်ပါတယ်။ ဒါကြောင့် သောကကင်းအောင် တရားနဲ့ဆင်ခြင်ပြီးနေထိုင်ပါ။
၉။ နေ့စဉ်လမ်းမှန်မှန်လျှောက်ပေးခြင်းဖြင့် ခါးရှိုးကို ထိမ်းသောကြွက်သားများကိုသန်မာ စေသည့်အပြင် ခါးရိုးကို ထောက်ပံ့ပေးထားသည့် အရွတ်များကိုလဲ အားရှိ စေပါတယ်။

၁၀။ နေ့စဉ်လမ်းမှန်မှန်မလျှောက်နိုင်သူများအဖို့ အောက်ဖေါ်ပြပါ လေ့ကျင့်ခန်းများကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးပါက ခါးနာခြင်းမှ ကင်းဝေးစေပါသည်။
က။ ခါးကို မတ်မတ်ထားပြီး ခြေဖျားထောက်၍ ထိုင်ထ ပြုလုပ်ပါ၊ လက်နှစ်ဖက်ကို ခါး တွင်ထောက်ထားပါ။ တစ်နေ့လျှင် (၁၅) ကြိမ် ပြုလုပ်ပါ။
ခ။ လက်ကို ခြေချောင်းလေးတွေထိနိုင်သမျှထိအောင် ထိုင်လျှက်ဖြစ်စေ ထလျှက် ဖြစ်စေ ဆန့်ပြီး အကြောလျော့ပေးပါ။ တစ်ခါလုပ်ရင် အခါနှစ်ဆယ်လောက် လုပ်ပေးပါ။
   တစ်ချို့မှာ ခါးနာတာ တော်တော်နဲ့မပျောက်ပဲ တာရှည်နာနေတာမျိုး၊ မကြာခဏ ပြန်ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ ခါးနာတာ ၆-ပတ်ထက် ပိုကြာရင် နာတာရှည် ခါးနာ ဝေဒနာလို့ (Chronic (persistent) non-specific low back pain) ခေါ်ပါတယ်။ ဒီခါးနာ မျိုးမှာလည်း အထက်က ခါးနာဝေဒနာလိုပဲ အနာသက်သာစေတဲ့ ဆေးများသောက်ခြင်း၊ လုပ်နေကျ အလုပ်များကို တတ်နိုင်သမျှဆက်လုပ်ခြင်းအပြင် ဆရာဝန်ပြပြီး (amitriptyline) ကဲ့သို့သောဆေးများ၊ (Structured exercise) ခေါ်တဲ့ လေ့ကျင့်ခန်းများ ကို ကျွမ်းကျင်သူ (physiotherapist) များနဲ့လုပ်ခြင်းများ လိုအပ်ပါ လိမ့်မယ်။ ကြွက်သား တွေ တင်းနေရင်တော့ ကြွက်သားတွေ လျော့သွားအောင် (valium) လို ကြွက်သားပျော့ ဆေး အပျော့စားများ သုံးနိုင်ပါတယ်။ ခါးနေရာကို ရေနွေးအိပ် ကပ်ခြင်း၊ ရေနွေးနဲ့ချိုးခြင်း များ ပြုနိုင်ပါတယ်။ မြန်မာဆေးမြီးတိုဖြစ်တဲ့ ကျပ်စည်းဆေး ခါးမှာ အုံတာ မျိုးလည်း လုပ် နိုင်ပါတယ်။ လားရှိုးမန်ဆူ ရှမ်းဆရာတော်ကြီးရဲ့ကျပ်စည်းဆေးကိုအောက်မှာ ကူးယူ ဖေါ်ပြ ထားပါတယ်။

၁။ မြင်းခွာရွက်
၂။ မန်ကျည်းရွက်
၃။ ဆီးဖြူသီး
၎။ ချဉ်ပေါင်ရွက်
၅။ ကောက်ညှင်း (ပေါင်းပြီး)

(၅)မျိုး ဆတူ သမအောင် ထုထောင်းပါ။ ပြီးရင် အရိုး အဆစ် အကြော နာကျင်ကိုက်ခဲ တဲ့နေရာကို ကျပ်စည်းပေးပါ။ ညဦးတွင် စည်းပြီး နံနက်တွင် စွန့်ပစ်ရပါမယ်။ ဝေဒနာ ကြီးရင် ရက်ဆက်လုပ်ပေးပါ။ တစ်ညထက်တစ်ည သိသိသာသာ ပျောက်ကင်းပါ လိမ့်မယ်။

အကြောညှပ်သောခါးနာဝေဒနာ ( sciatica)။

     ဒီခါးနာဝေဒနာကတော့ ခါးနေရာမှာရှိတဲ့ နပ်ကြောများရောင်ခြင်း၊ အသက်အရွယ် ကြီးသူများမှာ အရိုးများ ပျက်စီးယိုယွင်းလာ (osteoparosis) ပြီးအရိုးကြားရှိ အကြောကို ထိခိုက်လို့ ဖြစ်တဲ့ ဝေဒနာပါ။ ဒီရောဂါမျိုးက ခါးနာသူဝေဒနာရှင် ၅% လောက် မှာတွေ့ ရ တတ် ပါတယ်။ ခါးနေရာမှာရှိတဲ့ နပ်ကြောကြောင့်ဖြစ်တာမို့နပ်ကြောတစ်လျောက်နာတတ် ပါတယ်။ ဒါကြောင့် ခါးနေရာတွင်မကပဲ ခြေထောက်တွေအထိ  နာတတ်ပါတယ်။ များသောအားဖြင့် ခြေထောက်က အနာက ခါးနေရာထက် ပိုမိုပြင်း တတ်ပါတယ်။ တခါတရံ ခြေထောက်မှာ မနာပဲ ထုံတာ ကျင်တာမျိုး၊ အပ်နဲ့ထိုးသလိုမျိုး ခံစားရခြင်း၊ ခြေထောက် များအားပျော့ခြင်း၊ တင်ပါးရှိ ကြွက်သားများ အားပျော့ခြင်း စသည့်များ ဖြစ်တတ်ပါတယ်။

ပြင်းထန်သောအရေးပေါ်ခါးနာဝေဒနာ (Cauda equina syndrome )။

ဒီခါးနာဝေဒနာက ဖြစ်ခဲ ပါတယ်။ ဒါပေမဲ့ အရေးတကြီးကုသဖို့ လိုအပ်တဲ့ဝေဒနာ ပါ။ ဒီဝေဒနာက ခါးရိုးကြားကထွက်လာတဲ့ နပ်ကြောကြီးတွေကို ဖိမိလို့ ဖြစ်တာပါ။ ဒါကြောင့် ခါးနာတဲ့အပြင် ဆီးသွားရခက်ခဲခြင်း၊ ၀မ်းသွားရခက်ခဲခြင်း၊ စအိုပတ်ဝန်းကျင် တွင်ထုံခြင်း၊ ခြေတစ်ခြောင်း (၀ါ) နှစ်ခြောင်းလုံး အားပျော့ခြင်း စတဲ့လက္ခဏများပါတွေ့ရ တတ်ပါတယ်။ ဖိထားတဲ့ နပ်ကြောတွေကို အမြန်ဆုံးဖယ်ရှားနိုင်မှ ဆီးသွားခြင်း၊ ၀မ်းသွား ခြင်း ဆိုင်ရာ နပ်ကြောများကို ကယ်တင်နိုင်မှာဖြစ်ပါမယ်။

ခါးနာသူများအောက်ပါအချက်များတွေ့ပါကဆရာဝန်နဲ့ပြသရပါမယ်။

၁။  ခါးနာဝေဒနာတစ်ဖြည်းဖြည်းစဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုနာလာခြင်း။ ၂။ အိပ်ပြီးအနားယူသော်လည်း ခါးနာ မသက်သာခြင်း။
၃။ ခါးနာကရင်ဘက်(၀ါ) ကျောအပေါ်ပိုင်း တက်နာခြင်း။       
၎။ ခြေထောက်ရှိကြွက်သားများ အားနည်းခြင်း။                                                         
၅။ ကိုယ်အောက်ပိုင်း (၀ါ) ခြေထောက်များ ထုံခြင်း။                                     
၆။ ညနက်ပိုင်း (၀ါ) အိပ်ရာထတွင် ပိုနာခြင်း။                   
၇။ ကျောနောက်ပိုင်းရှိကြွက်သားများ တောင့်တင်းခြင်း။        
၈။ လှုပ်ရှားခြင်းဖြင့် ခါးနာ ပိုမဆိုးပဲ သက်သာသွားခြင်း။
၉။ အသက် ၂၀ အောက်ဖြစ်ခြင်း။

Thursday, August 2, 2012

မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ရက်စွဲများမှသည် နောင်အနာဂါတ်ဆီသို့


အရင်ဦးဆုံး စာဖတ်သူများကို ၀န်ခံလို တာကတော့ ကျွန်တော်ဟာ စာရေးဆရာ တစ်ယောက် မဟုတ်သလို နိုင်ငံရေးသမား တစ်ယောက်လည်း မဟုတ်ပါဘူး။
သာမန်ပြည်သူတစ်ဦးသာလျှင် ဖြစ်ပါ တယ်။
ကျွန်တော့ရဲ့ အရေးအသား အတွေးအခေါ် အယူအဆတွေဟာ အမြီးအမောက် တည့်ချင်မှ တည့်ပါလိမ့် မယ်။
ဒါပေမယ့် ကျွန်တော့ရင်ထဲ၊ စိတ် ထဲမှာ ကျွန်တော်တို့တိုင်းပြည်ကြီး ကမ္ဘာ့ အလယ်မှာ ထည်ထည်ဝါ၀ါနဲ့ တည်ငြိမ် အေးချမ်းစေ ချင်တဲ့ဆန္ဒ၊ နိုင်ငံသူ နိုင်ငံ သားတွေလည်း ကမ္ဘာ့အလယ်မှာ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ပဲသွားသွား မျက်နှာမငယ်စေချင်တဲ့ဆန္ဒ၊ ပြည်သူ ပြည်သားအားလုံး ဆင်းရဲခပ်သိမ်း ကင်း စေချင်တဲ့ဆန္ဒ၊ ဒေါသခပ်သိမ်း ကင်းစေ ချင်တဲ့ဆန္ဒ၊ စိုးရိမ်ခပ်သိမ်း ကင်းဝေးပြီး နှလုံးစိတ်ဝမ်း အေးချမ်းစေချင်တဲ့ ဆန္ဒ တွေ ပြည့်လျှံလျက်ရှိနေပါတယ်။

ဒီမိုကရေစီနိုင်ငံတော် မြန်မာလူမျိုးများနှင့် အနာဂတ်ခရီး


မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၈ မိုင် ကျယ်ဝန်းပြီး လူဦးရေစုစု ပေါင်း ၅၅ သန်းကျော်ရှိကာ အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံ တို့ဝန်းရံလျက်တည်ရှိပြီး တရုတ်နှင့် အိန္ဒိယပြီးလျှင် တတိယ အကြီးဆုံးနိုင်ငံ ဖြစ်သည်။
ပင်လယ်ထွက်ပေါက်အဖြစ် ဘင်္ဂလားပင်လယ်အော် (Bay of Bangal)နှင့် အန်ဒမန်ပင်လယ် (Adman Sea) တို့ရှိသည်။
မြန်မာနိုင်ငံသည် မိမိတို့ဘိုးဘွား ဘီဘင် ရှေးယခင်နှစ်ပေါင်းများစွာကပင် မြေပေါ်၊ မြေအောက်၊ သယံဇာတများ ပေါကြွယ်ဝသဖြင့် ကမ္ဘာ့အလယ်တွင် ထင်ရှားခဲ့ကြောင်းလည်း မှတ်သားရပါသည်။
သယံဇာတပေါကြွယ်ဝခြင်းသည် လောကတွင် ကောင်းကျိုးနှင့် ဆိုးကျိုး နှစ်ဖြာသောရလဒ်များ ခံစားရမြဲဖြစ်သည့်အားလျော်စွာ ထိုအချက်များကြောင့် တစ်ကြောင်းအားဖြင့် မြန်မာ နိုင်ငံသည် ကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ် နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ ဖူးလေပြီ။

Tuesday, July 31, 2012

ထာဝရလေးစားသော အာဇာနည်(၉) ဦးဧ။်ကိုယ်ရေးအကျဉ်း

Photo: အာဇာနည်(၉) ဦးဧ။်ကိုယ်ရေးအကျဉ်း =================== ၂၀၁၂ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် ၆၅ နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါသည်။ အာဇာနည် ခေါင်းဆောင်ကြီးများမှာ - ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွား၊ ဦးရာဇတ်၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး။ ကိုလိုနီခေတ် (၁၈၈၆-၁၉၄၁) နှောင်းပိုင်းကာလဖြစ်သော ညွန့်ပေါင်းအစိုးရလက်ထက်(၁၉၃၇-၁၉၄၁) တွင်(၁၉ ဇူလိုင် ၁၉၄၇ ၌ကျဆုံးခဲ့ကြသည့်) အာဇာနည်ခေါင်းဆောင်ကြီးများ၏ အမျိုးသားရေးလုပ်ဆောင်ချက်များကို ပြန်ပြောင်းလေ့လာကြည့် ပါက စိတ်ဝင်စားဖွယ် တွေ့ရှိရပါသည်။ သခင်အောင်ဆန်း ၁၃ ဖေဖော်ဝါရီ ၁၉၁၅ တွင် နတ်မောက်မြို့၌ ဖွားမြင်ခဲ့သော သခင်အောင်ဆန်းသည် ငယ်စဉ်က နတ်မောက်မြို့ဆရာတော် ဦးသောဘိတကျောင်းတွင် ပညာသင်ယူခဲ့ပြီး ၁၉၂၈ ခုနှစ် အသက် ၁၃ နှစ် အရွယ်တွင် ရေနံ ချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပါသည်။ ၁၉၃၂ ခုနှစ်တွင် ယင်းကျောင်းမှ ဆယ်တန်းအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့၏။၁၉၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင် အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုစဉ် အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့ရရာ Hell Hound at Large ဆောင်းပါးရေးသူအမည်ကို ထုတ်ဖော်မပေးမှုဖြင့် ကျောင်းထုတ်ခံခဲ့ရ၏။ ၁၉၃၆-၃၇ ခုနှစ်များအတွင်း ကိုအောင်ဆန်းသည် တကသဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၁၉၃၇ ခုနှစ်တွင်ပင် ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာစာမေးပွဲကို အင်္ဂလိပ်ဘာသာစာပေ၊ နိုင်ငံရေးသိပ္ပံ၊ ဥရောပရာဇ၀င် ဘာသာရပ်များဖြင့် ဖြေဆိုအောင်မြင်ခဲ့၏။ ၂၅ ဧပြီ ၁၉၃၈ တွင် ကိုအောင်ဆန်းအား ဗကသဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြသည်။သို့သော် မကြာမီ ကိုအောင်ဆန်းဗကသမှ နုတ်ထွက်ကာ တို့ဗမာအစည်းအရုံး၌ သခင်အောင်ဆန်းအဖြစ် အထွေထွေအတွင်းရေးမှူး ဖြစ်လာပါသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံအတွင်း သခင်အောင်ဆန်းသည် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ၉ ဇန်န၀ါရီ ၁၉၃၉ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးကို ဖွဲ့စည်းသောအခါ သခင်အောင်ဆန်းသည် အမှုဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့၏။ ၁ အောက်တိုဘာ ၁၉၃၉ တွင် မြန်မာ့လွတ်လပ်ရေးအတွက် စည်းလုံးညီညွတ်သော အမျိုးသားတပ်ပေါင်းစုကြီး ဖွဲ့စည်းရန် ရည်ရွယ်လျက် ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းသောအခါ သခင်အောင်ဆန်းမှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့၏။ ယင်းနောက် သခင်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် ပြည်ပအကူအညီရှာဖွေရန် ၈ သြဂုတ် ၁၉၄၀ တွင် ဟိုင်လီသင်္ဘောဖြင့် တရုတ်ပြည် အမွိုင်သို့ ထွက်ခွာသွား၏။ ထိုမှတစ်ဆင့် ဂျပန်သို့ ရောက်ရှိခဲ့ပြီး ရုပ်ဖျက်ကာ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်လာခဲ့သည်။ တစ်ဖန် သခင်အောင်ဆန်းသည် ရဲဘော်သုံးကျိပ် ပထမသုတ်အဖွဲ့ဝင် တစ်ဦးအဖြစ် ရှန်တန်မာရူးသင်္ဘောဖြင့် ပြန်လည်လိုက်ပါသွားကာ ဂျပန်ပြည်၌ ခက်ခဲပင်ပန်းစွာ စစ်ပညာသင်ကြားခဲ့သည်။ ထိုစဉ်အတွင်း မြန်မာပြည်သို့ စစ်မီးကူးလာချိန်တွင် ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွား၏။ သခင်မြ သခင်မြကို ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊ ထုံးဘိုရွာ(ယခုထုံးဘိုမြို့) တွင် ၇ အောက်တိုဘာ ၁၈၉၇ ၌ သစ်ကုန်သည်ကြီး ဦးဘိုးချွန်၊ ဒေါ်သက်လယ်တို့က ဖွားမြင်ခဲ့သည်။ ငယ်စဉ်က ပြည်မြို့ အစိုးရအထက်တန်းကျောင်း၊သာယာဝတီမြို့ အေဘီအမ် ကရင်အထက်တန်းကျောင်းတို့တွင် ပညာသင်ယူခဲ့ဖူးပြီး ၁၉၁၆ တွင် ရန်ကုန် စိန်ဂျွန်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်၌ ဂုဏ်ထူးတန်း တက်ရောက်စဉ်အတွင်း ပထမကျောင်းသားသပိတ် ဖြစ်ပွားလာ ရာ ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ယင်းနောက် အမျိုးသားကျောင်းများ ပေါ်ပေါက်လာသောအခါ ကြည့်မြင်တိုင်အမျိုးသားကျောင်း၌ အထက်တန်းပြဆရာ ၀င်လုပ်သည်။ ၁၉၂၄ ခုနှစ်၌ ဘီအက်စီဂုဏ်ထူးတန်း အောင်သည်။ ၁၉၂၇ ခုနှစ်တွင် ဥပဒေ၀ိဇ္ဇာဘွဲ့ ရရှိခဲ့၏။ယင်းနောက် သာယာဝတီသို့ပြန်ကာ ရှေ့နေအလုပ်ဖြင့် အသက်မွေးသည်။ ၁၉၃၁ ခုနှစ် ဂဠုန်ဆရာစံ၏ အမှုကိုစစ်ဆေးစဉ် ဦးမြသည် ဆရာစံဘက်မှ ရှေ့နေကြီး ဦးသူငယ်နှင့်အတူ ရှေ့နေလိုက်ပေးခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ခဲ့ပြီး ၁၉၃၆ ခုနှစ်တွင် သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် အရွေးခံခဲ့ရသည်။ သခင်မြသည် လွှတ်တော်၌ လစာမယူဘဲ အတိုက်အခံအမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရေနံမြေအလုပ်သမားများ၏ နစ်နာမှုကို အစိုးရအားပြင်းထန်စွာ ဝေဖန်ကန့်ကွက်ကာ အမတ်အဖြစ်မှ နုတ်ထွက်ခဲ့၏။ ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ကြားဖြတ်ရွေးကောက်ပွဲတွင် အများပြည်သူတို့၏ ဆန္ဒအရ ၀င်ရောက်အရွေးခံကာ အမတ်ဖြစ်လာပြန်သည်။ သခင်မြသည် ၁၉၃၉ ခုနှစ်တွင်ပင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံးကြီး၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၁၉၄၁ ခုနှစ်တွင် တို့ဗမာ အစည်းအရုံးကြီး၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ ၉ ဒီဇင်ဘာ ၁၉၄၁ တွင် တို့ဗမာအစည်းအရုံးကို မတရားအသင်းအဖြစ် ကြေညာလိုက်သောအခါ သခင်မြသည် မော်လမြိုင်သို့ တိမ်းရှောင်ခဲ့ရ၏။ ဦးဘ၀င်း နတ်မောက်မြို့၌ ၁၁ ဇွန် ၁၉၀၁ တွင် အမိန့်တော်ရရှေ့နေ ဦးဖာ ဒေါ်စုတို့က ဖွားမြင်ခဲ့သူ ဦးဘ၀င်း၏ငယ်မည်မှာ မောင်စံတင်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအကြီးဆုံး ဖြစ်သည်။ငယ်စဉ်က နတ်မောက်မြို့ ဆရာကြီး ဦးဝကြီးကျောင်း၊ ဆရာသက်ကျောင်း၊ တောင်တွင်းကြီးမြို့ ဆရာတော် ဦးသုန္ဒရကျောင်းတို့၌ ပညာသင်ယူခဲ့သည်။၁၆ နှစ်တွင် ၉ တန်းနှင့်ဆရာဖြစ်စာမေးပွဲ အောင်မြင်ပါသည်။ ဦးဘ၀င်းသည် ၁၇ နှစ်အရွယ်တွင် ရေနံချောင်းမြို့ ဆရာဦးဟံသာကျောင်း၌ လက်ထောက်ဆရာ၊ ဘီအိုစီဂိုဒေါင်စာရေးအလုပ်များ ၀င်လုပ်သည်။တစ်ဖက်မှလည်း ဆရာဦးအေးမောင်၏ ညကျောင်းသို့ တက်ရောက်ကာအသက် ၂၀ တွင်ဆယ်တန်းစာမေးပွဲကို အင်္ဂလိပ်စာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ယင်းနောက် စာရေးအလုပ်မှထွက်ကာ မန္တလေး ဥပစာကောလိပ် သွားတက်သည်။ ဥပစာသိပ္ပံအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ် ဆက်တက်ပြန်ရာ ၁၉၂၉ ခုနှစ်တွင် သိပ္ပံဂုဏ်ထူးတန်း အောင်မြင်ခဲ့သည်။ ယင်းနောက် ရေနံချောင်းမြို့ အမျိုးသား ကျောင်းတွင် အထက်တန်းပြဆရာအလုပ် လုပ်ကိုင်၏။ မကြာမီ ကျောင်းအုပ်ဆရာကြီး ဖြစ်လာသည်။ ထို့နောက် ဖြူးမြို့ ကေအီးအမ်အမျိုးသားကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့၏။ဆရာကြီး ဦးဘ၀င်းသည် ကိုလိုနီခေတ် နှောင်းပိုင်းကာလတစ်လျှောက် အမျိုးသားကျောင်းအုပ်ကြီးအဖြစ် အမှုထမ်းရင်း မျိုးချစ်စိတ်ပြင်းထန်သူ လူငယ်အများအပြားကို မွေးထုတ်ပေးခဲ့သည်။ မန်းဘခိုင် ဟင်္သာတမြို့ ယုန်သလင်းရွာ၌ ၂၆ အောက်တိုဘာ ၁၉၀၃ တွင် သူကြီးမန်းပေကုန်း ဒေါ်ပုတို့က ဖွားမြင်ခဲ့သူ မန်းဘခိုင်သည် ငယ်စဉ်က ဟင်္သာတ အေဘီအမ် ကျောင်းတွင် ပညာဆည်းပူးခဲ့သည်။၁၉၂၀ တွင် ၇ တန်းအောင် ပြီး ဘားမားရိုင်ဖယ်တပ်သို့ ၀င်သည်။ သို့သော် မိဘများသဘောမတူ၍ နုတ်ထွက်ပြီး ရန်ကုန်မြို့ အေစကော့ကုမ္ပဏီ၌ အလုပ်လုပ်သည်။ ၁၉၂၆ တွင် မန်နေဂျာနှင့် သဘောမတိုက်ဆိုင်သဖြင့် အလုပ်မှထွက်ပြီး ဇာတိရွာသို့ပြန်ကာ ကလေးများအတွက် ကျောင်းဖွင့်ပေးခဲ့သည်။ ၁၉၃၇ ပုသိမ်မြောက်ပိုင်း အမတ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ၁၉၄၁ တွင် တရားရေးဝန်ကြီး စောဖေသာ၏ အတွင်းဝန်ကလေးအဖြစ် အမှုထမ်းသည်။ သို့သော် ကုန်သည်အလုပ်ကိုသာ ၀ါသ နာပါသဖြင့် နုတ်ထွက်ကာ ပုဇွန်တောင်၌ ငှက်ပျောခြံလုပ်ငန်း လုပ်ကိုင်ခဲ့၏။ ဒီးဒုတ်ဦးဘချို မြောင်းမြမြို့၌ သမားတော်ကြီး ဦးဘိုးစာ၊ ဒေါ်မြစ်တို့က ၂၄ ဧပြီ ၁၈၉၃ တွင် ဖွားမြင်ခဲ့သူ ဦးဘချိုသည် မြောင်းမြမြို့ ဦးမောင်မောင်ကျော်ကျောင်း၊ ရန်ကုန် စိန်ပေါကျောင်း၊ရန်ကုန်ကောလိပ်တို့၌ ပညာဆည်းပူးခဲ့သည်။ သို့သော် ဘီအေတန်း တက်စဉ် မျက်စိရောဂါကြောင့် ကျောင်းထွက်ခဲ့ရသည်။ ဦးဘချိုသည် ပေါင်းတည်၊ ဟင်္သာတမြို့များ၌ ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့၏။ ထိုစဉ်ကပင် ''နောက်စွယ်ချောင်က တောက်တဲ့မောင်''အမည်ဖြင့် မြန်မာ့အလင်းမဂ္ဂဇင်းတွင် စာရေးနေသည်။ သို့သော် အစိုးရပိုင်းက စာရေးခြင်းကို မကြည်ဖြူ၍ ၁၉၂၀ ကျောင်းသားသပိတ်တွင် အလုပ်ထွက်ကာ အမျိုးသားကောလိပ်၌ မြန်မာစာဆရာ သွားလုပ်နေ၏။ ယင်းနောက် မြန်မာ့ရီဗျူး၊ဒီးဒုတ်နေ့စဉ်စသည့် ဂျာနယ်၊သတင်းစာများ ထုတ်ဝေကာ အမျိုး သားရေးအတွက် လှုံ့ဆော်ပေးခဲ့သည်။ မိုင်းပွန်စော်ဘွား ရှမ်းပြည်နယ်တောင်ပိုင်း ၊မိုင်းပွန်မြို့၌ စော်ဘွားကြီး စ၀်ခွန်ထီး၊နန်းစိန်ဥတို့က ၃၀ မေ ၁၉၀၇ တွင် ဖွားမြင်ခဲ့သူ စ၀်စံထွန်း၏ ငယ်မည်မှာ စ၀်သာထွန်း ဖြစ်သည်။ငယ်စဉ်က တရားမစာရေးကြီး ဦးစံဖေထံ အခြေခံပညာ သင်ယူခဲ့ပြီး တောင်ကြီးမြို့ စော်ဘွားသားများကျောင်းမှ ဒသမဆင့် အောင်မြင်ခဲ့သည်။ မိတ္ထီလာမြို့ စက်ရှင်တရားသူကြီး ဦးကျောက်တိုင်ရုံး၌ ၆ လ အလုပ်သင်လုပ်ခဲ့ပြီး မန္တလေးဆပ်ကျောင်းလည်း တက်ရောက်ခဲ့၏။ယင်းနောက် ဗန်းမော်တွင် အလုပ်သင်ဝန်ထောက်အဖြစ် ၆ လအမှုထမ်းခဲ့သည်။ထိုမှတစ်ဖန် တောင်ကြီးမြို့ ရှမ်းပြည်(နယ်)မင်းကြီးရုံးတွင် ခေတ္တအလုပ်ဝင်ရောက်စဉ် ၂၇ ဇွန် ၁၉၂၈ တွင် စော်ဘွားအရာ ဆက်ခံရရှိခဲ့သည်။မိုင်းပွန်စော်ဘွားသည် ရှမ်းပြည်နယ်တစ်ခွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သူဖြစ်၏။ ဦးရာဇတ် မိတ္ထိလာမြို့၌ တိုက်ပိုင်အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ငြိမ်းလှတို့က ၂၀ ဇန်န၀ါရီ ၁၈၉၈ တွင် ဖွားမြင်ခဲ့သူ ဦးရာဇတ်မှာငယ်စဉ်က မန္တလေးမြို့ ၀က်စလီယန် မိန်းကလေးကျောင်း၊ယောက်ျားလေးကျေုာင်းတို့ ၌ ပညာဆည်းပူးခဲ့သူဖြစ်သည်။အဌမတန်းတွင် ပညာထူးချွန်သဖြင့် ကျောင်းအုပ်ကြီးက တက္ကသိုလ်ဝင်တန်း ကျော်တင်ပေးခဲ့ရာ ဖြေဆိုအောင်မြင်ခဲ့သည်။ ယင်းနောက် ရန်ကုန်ကောလိပ်သို့ တက်ရောက်ခဲ့ပြီး ၀ိဇ္ဇာတန်း၌ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့၏။ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်တွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့၏။ ၁၉၂၁ တွင် မန္တလေး ဗဟိုအမျိုးသားကျောင်း၌ အထက်တန်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၂၃ တွင် ကျောင်းအုပ်ဖြစ်လာ၏။ ဆရာကြီး ဦးရာဇတ်သည် အစ္စလာမ် ဘာသာဝင်ဖြစ်သော်လည်း ဗုဒ္ခဘာသာအပေါ် လေးစားမှုရှိ၏။အမျိုးသားကျောင်းတွင် နံနက်တိုင်း ဘုရားရှိခိုးရပြီး မတက်ရောက်သူများအား ဆရာကြီးကိုယ်တိုင် ကြိမ်လုံးဖြင့် ကြပ်မတ်ပေးလေ့ရှိသည် ဆို၏။ဆရာကြီးသည် တပည့်များအား မျိုးချစ် စိတ်ရှိစေရေးအတွက် ပြုစုပျိုးထောင်ပေးခဲ့သူ ဖြစ်သည်။ ဦးအုန်းမောင် မင်းဘူးမြို့၌ ၂ ဖေဖော်ဝါရီ ၁၉၁၃ တွင် မစ္စတာ အိပ်ခ်ျဒဗလျူတရပ်ဝိန်းနှင့် ဒေါ်ရွှေမြင့်တို့က ဖွားမြင်ခဲ့သူ ဦးအုန်းမောင် ၁၉၃၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာတန်းအောင်မြင်ခဲ့သူ ဖြစ်သည်။၁၉၃၉ ခုနှစ်ဝန်းကျင်က မန္တ လေးမြို့ အရှေ့နယ်ပိုင်ဝန်ထောက်အဖြစ် အမှုထမ်းနေကြောင်း သိရှိရ၏။ ရဲဘော်ကိုထွေး စိုက်ပျိုးရေးဝန်ထောက် ဦးကိုကိုလေးနှင့် ဒေါ်မင်းရီတို့က ၁၉၂၉ ခုနှစ်တွင် ဖွားမြင်ခဲ့သူ ရဲဘော်ကိုထွေးမှာ ကိုလိုနီခေတ်နှောင်းကာလက ကျောင်းသားအရွယ်မျှသာ ရှိမည်ဖြစ်ပါသည်။ ကျမ်းကိုး ၁။မြန်မာ့စွယ်စုံကျမ်းအတွဲ၈၊ ၉၊ ၁၁ ၂။အာဇာနည်နေ့အထိမ်းအမှတ် စာစောင် ၃။မြန်မာလူကျော်၁၀၀(မောင်ဇေယျာ) ထာဝရလေးစားသော

      ၂၀၁၂ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် ၆၅ နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါသည်။ အာဇာနည် ခေါင်းဆောင်ကြီးများမှာ - ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွား၊ဦးရာဇတ်၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး။ကိုလိုနီခေတ် (၁၈၈၆-၁၉၄၁) နှောင်းပိုင်းကာလဖြစ်သော ညွန့်ပေါင်းအစိုးရလက်ထက်(၁၉၃၇-၁၉၄၁) တွင်
 (၁၉ဇူလိုင်၁၉၄၇၌ကျဆုံးခဲ့ကြသည့်)အာဇာနည်ခေါင်းဆောင်ကြီးများ၏အမျိုးသားရေး လုပ်ဆောင်ချက်များ
ကို ပြန်ပြောင်းလေ့လာကြည့် ပါက၏စိတ်ဝင်စားဖွယ် တွေ့ရှိရပါသည်။
သခင်အောင်ဆန်း


aungsan.jpg
အမည် - ဗိုလ်ချုပ်အောင်ဆန်း    ၁၃ ဖေဖော်ဝါရီ ၁၉၁၅ တွင် နတ်မောက်မြို့၌ ဖွားမြင်ခဲ့သော သခင်အောင်ဆန်းသည် ငယ်စဉ်က နတ်မောက်မြို့
ဆရာတော် ဦးသောဘိတကျောင်းတွင် ပညာသင်ယူခဲ့ပြီး ၁၉၂၈ခုနှစ် အသက် ၁၃ နှစ် အရွယ်တွင် ရေနံ ချောင်းမြို့အမျိုးသားအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပါသည်။ ၁၉၃၂ခုနှစ်တွင် ယင်းကျောင်းမှ ဆယ်တန်း
အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့၏။၁၉၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုစဉ် အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့ရရာ Hell Hound at Large
ဆောင်းပါးရေးသူအမည်ကို ထုတ်ဖော်မပေးမှုဖြင့် ကျောင်းထုတ်ခံခဲ့ရ၏။


      ၁၉၃၆-၃၇ ခုနှစ်များအတွင်း ကိုအောင်ဆန်းသည် တကသဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၁၉၃၇ ခုနှစ်တွင်
ပင် ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာစာမေးပွဲကို အင်္ဂလိပ်ဘာသာစာပေ၊ နိုင်ငံရေးသိပ္ပံ၊ ဥရောပရာဇ၀င် ဘာသာရပ်များဖြင့် ဖြေ
ဆိုအောင်မြင်ခဲ့၏။ ၂၅ဧပြီ ၁၉၃၈ တွင် ကိုအောင်ဆန်းအား ဗကသဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြသည်။ သို့သော်မကြာမီ
ကိုအောင်ဆန်းဗကသမှ နုတ်ထွက်ကာ တို့ဗမာအစည်းအရုံး၌ သခင်အောင်ဆန်းအဖြစ် အထွေထွေအတွင်းရေးမှူး ဖြစ်
လာပါသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံအတွင်း သခင်အောင်ဆန်းသည် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ၉ဇန်န၀ါရီ
၁၉၃၉ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးကို ဖွဲ့စည်းသောအခါ သခင်အောင်ဆန်းသည်
အမှုဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့၏။


၁ အောက်တိုဘာ ၁၉၃၉ တွင် မြန်မာ့လွတ်လပ်ရေးအတွက် စည်းလုံးညီညွတ်သော အမျိုးသားတပ်ပေါင်းစုကြီး ဖွဲ့စည်း
ရန်ရည်ရွယ်လျက် ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းသောအခါ သခင်အောင်ဆန်းမှာ အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့၏။


    ယင်းနောက် သခင်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် ပြည်ပအကူအညီရှာဖွေရန် ၈ သြဂုတ် ၁၉၄၀ တွင်
ဟိုင်လီသင်္ဘောဖြင့် တရုတ်ပြည် အမွိုင်သို့ ထွက်ခွာသွား၏။ ထိုမှတစ်ဆင့် ဂျပန်သို့ ရောက်ရှိခဲ့ပြီး ရုပ်ဖျက်ကာ မြန်မာ
နိုင်ငံသို့ ပြန်လည် ၀င်ရောက်လာခဲ့သည်။ တစ်ဖန် သခင်အောင်ဆန်းသည် ရဲဘော်သုံးကျိပ် ပထမသုတ်အဖွဲ့ဝင် တစ်ဦး
အဖြစ် ရှန်တန်မာရူးသင်္ဘောဖြင့် ပြန်လည်လိုက်ပါသွားကာ ဂျပန်ပြည်၌ ခက်ခဲပင်ပန်းစွာ စစ်ပညာသင်ကြားခဲ့သည်။
ထိုစဉ်အတွင်း မြန်မာပြည်သို့ စစ်မီးကူးလာချိန်တွင် ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွား၏။


mya.jpg
အမည် - သခင်မြ

    သခင်မြကို ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊ ထုံးဘိုရွာ(ယခုထုံးဘိုမြို့) တွင် ၇ အောက်တိုဘာ ၁၈၉၇ ၌ သစ်ကုန်
သည်ကြီး ဦးဘိုးချွန်၊ ဒေါ်သက်လယ်တို့က ဖွားမြင်ခဲ့သည်။ ငယ်စဉ်က ပြည်မြို့ အစိုးရအထက်တန်းကျောင်း၊သာယာဝတီ
မြို့အေဘီအမ် ကရင်အထက်တန်းကျောင်းတို့တွင် ပညာသင်ယူခဲ့ဖူးပြီး ၁၉၁၆ တွင် ရန်ကုန်စိန်ဂျွန်းကျောင်းမှ ဆယ်တန်း
အောင်မြင်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်၌ ဂုဏ်ထူးတန်းတက်ရောက်စဉ်အတွင်း ပထမကျောင်းသားသပိတ် ဖြစ်ပွားလာ ရာ

ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ယင်းနောက် အမျိုးသားကျောင်းများပေါ်ပေါက်လာသောအခါ ကြည့်မြင်တိုင်
အမျိုးသားကျောင်း၌ အထက်တန်းပြဆရာဝင်လုပ်သည်။


       ၁၉၂၄ ခုနှစ်၌ ဘီအက်စီဂုဏ်ထူးတန်း အောင်သည်။ ၁၉၂၇ ခုနှစ်တွင် ဥပဒေ၀ိဇ္ဇာဘွဲ့ ရရှိခဲ့၏။ ယင်းနောက်
သာယာဝတီသို့ပြန်ကာ ရှေ့နေအလုပ်ဖြင့် အသက်မွေးသည်။ ၁၉၃၁ခုနှစ် ဂဠုန်ဆရာစံ၏ အမှုကိုစစ်ဆေးစဉ် ဦးမြသည်
ဆရာစံဘက်မှ ရှေ့နေကြီးဦးသူငယ်နှင့်အတူ ရှေ့နေလိုက်ပေးခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့
ဝင်ရောက်ခဲ့ပြီး ၁၉၃၆ ခုနှစ်တွင် သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် အရွေးခံခဲ့ရသည်။ သခင်မြသည် လွှတ်တော်၌

လစာမယူဘဲ အတိုက်အခံအမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရေနံမြေအလုပ်သမားများ၏ နစ်နာမှုကို
အစိုးရအားပြင်းထန်စွာ ဝေဖန်ကန့်ကွက်ကာ အမတ်အဖြစ်မှ နုတ်ထွက်ခဲ့၏။


     ၁၉၃၉ ခုနှစ်ဖေဖော်ဝါရီလ ကြားဖြတ်ရွေးကောက်ပွဲတွင် အများပြည်သူတို့၏ ဆန္ဒအရ၀င်ရောက်အရွေးခံကာ အမတ်
ဖြစ်လာပြန်သည်။ သခင်မြသည် ၁၉၃၉ ခုနှစ်တွင်ပင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံးကြီး၏
ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၁၉၄၁ ခုနှစ်တွင် တို့ဗမာ အစည်းအရုံးကြီး၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပါ
သည်။ ၉ ဒီဇင်ဘာ ၁၉၄၁ တွင် တို့ဗမာအစည်းအရုံးကို မတရားအသင်းအဖြစ် ကြေညာလိုက်သောအခါ သခင်မြသည်
မော်လမြိုင်သို့တိမ်းရှောင်ခဲ့ရ၏။


ubawin.jpg
အမည် - ဦးဘ၀င်း


     နတ်မောက်မြို့၌ ၁၁ ဇွန် ၁၉၀၁ တွင် အမိန့်တော်ရရှေ့နေ ဦးဖာ ဒေါ်စုတို့က ဖွားမြင်ခဲ့သူ ဦးဘ၀င်း၏ငယ်မည်မှာ
မောင်စံတင်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကိုအကြီးဆုံး ဖြစ်သည်။ငယ်စဉ်က နတ်မောက်မြို့ ဆရာကြီး ဦးဝကြီး
ကျောင်း၊ဆရာသက်ကျောင်း၊ တောင်တွင်းကြီးမြို့ ဆရာတော် ဦးသုန္ဒရကျောင်းတို့၌ပညာသင်ယူခဲ့သည်။၁၆ နှစ်
တွင် ၉ တန်းနှင့်ဆရာဖြစ်စာမေးပွဲ အောင်မြင်ပါသည်။

ဦးဘ၀င်းသည် ၁၇ နှစ်အရွယ်တွင် ရေနံချောင်းမြို့ ဆရာဦးဟံသာကျောင်း၌လက်ထောက်ဆရာ၊ ဘီအိုစီဂိုဒေါင်စာ
ရေးအလုပ်များ ၀င်လုပ်သည်။တစ်ဖက်မှလည်းဆရာဦးအေးမောင်၏ ညကျောင်းသို့ တက်ရောက်ကာအသက် ၂၀
တွင်ဆယ်တန်းစာမေးပွဲကိုအင်္ဂလိပ်စာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

ယင်းနောက် စာရေးအလုပ်မှထွက်ကာ မန္တလေး ဥပစာကောလိပ် သွားတက်သည်။


      ဥပစာသိပ္ပံအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ် ဆက်တက်ပြန်ရာ ၁၉၂၉ ခုနှစ်တွင်သိပ္ပံဂုဏ်ထူးတန်း
အောင်မြင်ခဲ့သည်။
ယင်းနောက် ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာအလုပ် လုပ်ကိုင်၏။ မကြာမီ ကျောင်း
အုပ်ဆရာကြီးဖြစ်လာသည်။ ထို့နောက် ဖြူးမြို့ ကေအီးအမ်အမျိုးသားကျောင်းအုပ်အဖြစ်ဆောင်ရွက်ခဲ့၏။ဆရာကြီး
ဦးဘ၀င်းသည် ကိုလိုနီခေတ်နှောင်းပိုင်းကာလတစ်လျှောက် အမျိုးသားကျောင်းအုပ်ကြီးအဖြစ် အမှုထမ်းရင်းမျိုး
ချစ်စိတ်ပြင်းထန်သူ လူငယ်အများအပြားကို မွေးထုတ်ပေးခဲ့သည်။

manbakhain.jpg
အမည် - မန်းဘခိုင်


    ဟင်္သာတမြို့ ယုန်သလင်းရွာ၌ ၂၆ အောက်တိုဘာ ၁၉၀၃ တွင် သူကြီးမန်းပေကုန်းဒေါ်ပုတို့က ဖွားမြင်ခဲ့သူ
မန်းဘခိုင်သည်ငယ်စဉ်က ဟင်္သာတ အေဘီအမ် ကျောင်းတွင်ပညာဆည်းပူးခဲ့သည်။၁၉၂၀ တွင် ၇ တန်းအောင်
ပြီး ဘားမားရိုင်ဖယ်တပ်သို့ဝင်သည်။ သို့သော် မိဘများသဘောမတူ၍ နုတ်ထွက်ပြီး ရန်ကုန်မြို့အေစကော့
ကုမ္ပဏီ၌ အလုပ်လုပ်သည်။ ၁၉၂၆ တွင် မန်နေဂျာနှင့်သဘောမတိုက်ဆိုင်သဖြင့် အလုပ်မှထွက်ပြီး ဇာတိရွာ
သို့ပြန်ကာ ကလေးများအတွက်ကျောင်းဖွင့်ပေးခဲ့သည်။


      ၁၉၃၇ ပုသိမ်မြောက်ပိုင်း အမတ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ၁၉၄၁ တွင်
တရားရေးဝန်ကြီး စောဖေသာ၏ အတွင်းဝန်ကလေးအဖြစ်အမှုထမ်းသည်။ သို့သော် ကုန်သည်အလုပ်ကိုသာ
ဝါသ နာပါသဖြင့် နုတ်ထွက်ကာပုဇွန်တောင်၌ ငှက်ပျောခြံလုပ်ငန်း လုပ်ကိုင်ခဲ့၏။

ubacho.jpg
အမည် - ဦးဘချို

ဒီးဒုတ်ဦးဘချို


       မြောင်းမြမြို့၌ သမားတော်ကြီး ဦးဘိုးစာ၊ ဒေါ်မြစ်တို့က ၂၄ ဧပြီ ၁၈၉၃ တွင် ဖွားမြင်ခဲ့သူဦးဘချိုသည်
မြောင်းမြမြို့ဦးမောင်မောင်ကျော်ကျောင်း၊ရန်ကုန် စိန်ပေါကျောင်း၊ရန်ကုန်ကောလိပ်တို့၌ ပညာဆည်းပူးခဲ့သည်။
သို့သော်ဘီအေတန်းတက်စဉ် မျက်စိရောဂါကြောင့် ကျောင်းထွက်ခဲ့ရသည်။ ဦးဘချိုသည်ပေါင်းတည်၊ ဟင်္သာ
တမြို့များ၌ ကျောင်းဆရာအဖြစ်အမှုထမ်းခဲ့၏။ ထိုစဉ်ကပင်''နောက်စွယ်ချောင်က တောက်တဲ့မောင်''အမည်ဖြင့်
မြန်မာ့အလင်းမဂ္ဂဇင်းတွင်စာရေးနေသည်။
သို့သော် အစိုးရပိုင်းက စာရေးခြင်းကို မကြည်ဖြူ၍ ၁၉၂၀ကျောင်းသားသပိတ်တွင် အလုပ်ထွက်ကာ အမျိုးသား
ကောလိပ်၌မြန်မာစာဆရာသွားလုပ်နေ၏။ ယင်းနောက် မြန်မာ့ရီဗျူး၊ဒီးဒုတ်နေ့စဉ်စသည့်ဂျာနယ်၊သတင်းစာများ
ထုတ်ဝေကာ အမျိုးသားရေးအတွက် လှုံ့ဆော်ပေးခဲ့သည်။



supsanhtun.jpg
အမည် - မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း


      ရှမ်းပြည်နယ်တောင်ပိုင်း ၊မိုင်းပွန်မြို့၌ စော်ဘွားကြီး စ၀်ခွန်ထီး၊နန်းစိန်ဥတို့က ၃၀ မေ ၁၉၀၇ တွင်ဖွား
မြင်ခဲ့သူ စ၀စံထွန်း၏ငယ်မည်မှာ စ၀်သာထွန်း ဖြစ်သည်။ငယ်စဉ်က တရားမစာရေးကြီး ဦးစံဖေထံ အခြေခံ
ပညာသင်ယူခဲ့ပြီး တောင်ကြီးမြို့စော်ဘွားသားများကျောင်းမှ ဒသမဆင့်အောင်မြင်ခဲ့သည်။ မိတ္ထီလာမြို့
စက်ရှင်တရားသူကြီး ဦးကျောက်တိုင်ရုံး၌ ၆ လအလုပ်သင်လုပ်ခဲ့ပြီး မန္တလေးဆပ်ကျောင်းလည်း
တက်ရောက်ခဲ့၏။ယင်းနောက်ဗန်းမော်တွင် အလုပ်သင်ဝန်ထောက်အဖြစ် ၆လအမှုထမ်းခဲ့သည်။ထိုမှတစ်ဖန်
တောင်ကြီးမြို့ ရှမ်းပြည်(နယ်)မင်းကြီးရုံးတွင် ခေတ္တအလုပ်ဝင်ရောက်စဉ် ၂၇ဇွန် ၁၉၂၈ တွင်
စော်ဘွားအရာ ဆက်ခံရရှိခဲ့သည်။မိုင်းပွန်စော်ဘွားသည်ရှမ်းပြည်နယ်တစ်ခွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်၏။


urazak.jpg
အမည် - ဦးရာဇတ်


     မိတ္ထိလာမြို့၌ တိုက်ပိုင်အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ငြိမ်းလှတို့က ၂၀ ဇန်န၀ါရီ ၁၈၉၈ တွင်
ဖွားမြင်ခဲ့သူဦးရာဇတ်မှာငယ်စဉ်ကမန္တလေးမြို့က်စလီယန်မိန်းကလေးကျောင်း၊ယောက်ျားလေးကျေုာင်းတို့၌
ပညာဆည်းပူးခဲ့သူဖြစ်သည်။
အဌမတန်းတွင် ပညာထူးချွန်သဖြင့် ကျောင်းအုပ်ကြီးကတက္ကသိုလ်ဝင်တန်း ကျော်တင်ပေးခဲ့ရာ ဖြေဆိုအောင
်မြင်ခဲ့သည်။
ယင်းနောက်ရန်ကုန်ကောလိပ်သို့ တက်ရောက်ခဲ့ပြီး ၀ိဇ္ဇာတန်း၌ အင်္ဂလိပ်စာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့၏။


      ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်တွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့၏။ ၁၉၂၁ တွင် မန္တလေး
ဗဟိုအမျိုးသားကျောင်း၌ အထက်တန်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၂၃ တွင်ကျောင်းအုပ်ဖြစ်လာ၏။
ဆရာကြီး ဦးရာဇတ်သည် အစ္စလာမ်ဘာသာဝင်ဖြစ်သော်လည်းဗုဒ္ခဘာသာအပေါ် လေးစားမှုရှိ၏။အမျိုးသား
ကျောင်းတွင် နံနက်တိုင်းဘုရားရှိခိုးရပြီးမတက်ရောက်သူများအား ဆရာကြီးကိုယ်တိုင် ကြိမ်လုံးဖြင့်ကြပ်မတ်
ပေးလေ့ရှိသည် ဆို၏။ဆရာကြီးသည် တပည့်များအားမျိုးချစ်စိတ်ရှိစေရေးအတွက် ပြုစုပျိုးထောင်ပေးခဲ့သ
ူ ဖြစ်သည်။


uohnmg.jpg
အမည် - ဦးအုန်းမောင်


      မင်းဘူးမြို့၌ ၂ ဖေဖော်ဝါရီ ၁၉၁၃ တွင် မစ္စတာ အိပ်ခ်ျဒဗလျူတရပ်ဝိန်းနှင့် ဒေါ်ရွှေမြင့်တို့က ဖွားမြင်ခဲ့သူ
ဦးအုန်းမောင်၁၉၃၄ ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာတန်းအောင်မြင်ခဲ့သူ ဖြစ်သည်။၁၉၃၉ ခုနှစ်ဝန်းကျင်က
မန္တ လေးမြို့ အရှေ့နယ်ပိုင်ဝန်ထောက်အဖြစ် အမှုထမ်းနေကြောင်း သိရှိရ၏။




kohtwe.jpg
အမည် - ရဲဘော်ကိုထွေး


စိုက်ပျိုးရေးဝန်ထောက် ဦးကိုကိုလေးနှင့် ဒေါ်မင်းရီတို့က ၁၉၂၉ ခုနှစ်တွင် ဖွားမြင်ခဲ့သူ
ရဲဘော်ကိုထွေးမှာကိုလိုနီခေတ်နှောင်းကာလကကျောင်းသားအရွယ်မျှသာ ရှိမည်ဖြစ်ပါသည်။

ကျမ်းကိုး
၁။မြန်မာ့စွယ်စုံကျမ်းအတွဲ၈၊ ၉၊ ၁၁

၂။အာဇာနည်နေ့အထိမ်းအမှတ် စာစောင်

၃။မြန်မာလူကျော်၁၀၀(မောင်ဇေယျာ)
ထာဝရလေးစားသော အာဇာနည်တိုအား ဤပိုစ်လေးဖြင့် အလေးပြုကာ ဦးညွတ်လိုက်ပါသည်။
                                                                  လေးစားစွာဖြင့်    ....    မောင်မြင့်