">
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Tuesday, June 4, 2013

ဂုဏ်တော်တစ်ပါးစီ၏ ပွားရကျိုးများ


ဂုဏ်တော်ကိုးပါးလုံး ပွားများမှ မဟုတ်ပါဘူး။ ကိုယ်အားသန်ရာ တစ်ပါးကို ပွားများရင် လုံလောက်ပါတယ်။ ငယ်ရွယ်သူများပွားများစေချင်တဲ့ သဒ္ဓါဓါတ်လေး ပိုဖြစ်သွားအောင် ဂုဏ်တော်တစ်ပါးစီရဲ့ ပွားရကျိုးများကိုလည်း ကြားဖူးနားဝရှိတဲ့အတိုင်း ဖော်ပြပါဦးမယ်။ အရဟံဂုဏ်တော်ပွားများရင် ဘေးရန်ကင်းခြင်း၊ ကျန်းမာခြင်း၊ လာဘ်လာဘပေါများခြင်း အကျိုးရှိပါတယ်။



သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ပွာများရင် စိတ်ရွှင်လန်းခြင်း၊ ဉာဏ်ပွင့်ခြင်း၊ စာမေးပွဲအောင်မြင်ခြင်းအကျိုးများ ရရှိပါတယ်။

ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ကိုပွားများရင် အသက်မွေးအတတ်ပညာရပ်များ ပြိုင်ဘက်မရှိ တတ်မြောက်ခြင်းအကျိုးများ ရရှိပါတယ်။

သုဂတဂုဏ်တော်ပွားရင်း စကားစစ်ထိုးခြင်း၊ အမူအခင်း၊ အရောင်းအ၀ယ်၊ အရေးတကြီး ကိစ္စပြောဆိုခြင်း စသည်တို့မှာ အောင်မြင်မူရတတ်ပါတယ်။

လောက၀ိဒူဂုဏ်တော်ပွားများရင် လောကရေး၊ လူမူရေးရာအဖြာဖြာနဲ့ လူကင်းလူကဲများကို ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်ပါတယ်။ လောကရေး၊ လူမူရေးရာအဖြာဖြာနဲ့ လူကင်းလူကဲများကို ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်ပါတယ်။

အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်ပွားများရင် နတ်လူတို့အလယ် ကျော်ဇောသတင်းပျံ့နှံ့ခြင်း၊ ရှိခိုးပူဇော်ရခြင်းအကျိုးများ ရရှိပါတယ်။

သတ္ထာဒေ၀မနုဿနာဂုဏ်တော်ပွားများရင် နူတ်စ၊ လျှာစထက်မြက်ပြင်းထန်၍ ဆိုတိုင်းရ ကြံတိုင်းအောင်မြင်တဲ့ အကျိုးများကို ခံစားရပါတယ်။ စိတ္တဇဝေဒနာရှင်များကို သတ္ထာဒေ၀မနုဿနဂုဏ်တော် ရေမန်းတိုက်ပေးတာနဲ့ ရောဂါပျောက်ကင်းသွားတာ တွေ့ရဖူးပါတယ်။

ဗုဒ္ဓါဂုဏ်တော်ပွားများရင် ဘေးဆိုး၊ ရန်ဆိုး၊ ကြမ္မာဆိုးအမျိုးမျိုးမှ လွတ်ကင်း၍ ချမ်းသာခြင်းနဲ့ ပြည့်စုံတဲ့အကျိုး ရရှိပါတယ်။

ဘဂ၀ါဂုဏ်တော်ပွားများရင် ဘုန်းတန်ခိုး တေဇော်အာနုဘော်ကြီးခြင်း အကျိုးများကို ရရှိပါတယ်။

သေနည်းသင်တန်းရဲ့ တတိယမြောက်နဲ့ နောက်ဆုံးကျင့်စဉ်ကတော့ သရဏဂုံသုံးပါးကို သတိတရ ရွတ်ဆိုပွားများနေဖို့ပါပဲ။ သရဏတ္ထတော တာဝသရဏဂတာနံ ဘယံသန္တာသံ ဒုက္ခံဒုဂ္ဂတိ ရိကိလေသံ ဟိံသတိဝိနာသေတီတိတ္ထေ ရတနတ္တယေဿဝေတံ အဓိဝစနံဆိုတဲ့ မူလပဏ္ဏာသအဋ္ဌကထာအဖွင့်အရ သရဏဂုံစွဲမြဲတဲ့ ပုဂ္ဂိုလ်ဟာ အကျိုးငါးမျိုးကို ခံစားရပါတယ်။

အဲဒါတွေကတော့ သရဏဂုံတည်နေသူဟာ ဘေးအမျိုးမျိုးက လွတ်ကင်းတယ်။ ကြောက်ရွံ့ထိတ်လန့်ခြင်း ကင်းပျောက်တယ်။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲကင်းတယ်။ အပါယ်လေးပါးမကျအောင် စောင့်ရှောက်တယ်၊ စိတ်ရဲ့ ညစ်နွမ်းခြင်းကိုလည်း ပယ်ဖျောက်ပေးနိုင်တယ်။ အဲဒီအကျိုးငါးမျိုးထဲက သရဏဂုံတည်မြဲမူကြောင့် အပါယ်ဘေးကလွတ်ြပီး နတ်ရွာသုဂတိရောက်ခဲ့တဲ့ သာဓကလေးတစ်ခုကို နားထောင်ကြည့်ကြရအောင်။ 
 မေတ္တာရှင်(ရွှေပြည်သာ) “ကျွန်ုပ်ဘ၀မှ ဆောင်စရာနှင့် ရှောင်စရာများ” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

Monday, June 3, 2013

စစ်မူထမ်းဟောင်းနတ်သားကြီး

တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ချင်းပြည်နယ်၊ ခန္တိန်းတောင်မှာ သီတင်းသုံးစဉ်က ဖြစ်ပါတယ်။ ၁၃၄၁-ခုနှစ်၊ တန်ခူးလဆန်း ၄-ရက်နေ့မှာ ဆရာတော်ကြီးထံကို အသက်လေးဆယ်ကျော်ခန့်ရှိ ပင်စင်စား တပ်ကြပ်ကြီးတစ်ယောက် ရောက်လာခဲ့ပါတယ်။ သူဟာ ပခုက္ကူမြို့၊ ကမ်းနားတန်းသား လှေသူကြီးမျိုးရိုး ဖြစ်ပါတယ်။



အမည်ကတော့ ကိုလှရွှေတဲ့။ ရောက်လာခြင်းအကြောင်းကိုတော့ သူမလာခင် ဆယ့်လေးငါးရက်ခန့်က ရောက်လာတဲ့ တပ်ကြပ်ကြီးလှရွှေရေးလိုက်တဲ့ စာထဲကအတိုင်းပြောရရင် “ဆရာတော်ကြီးဘုရား၊ တပည့်တော်ရဲ့ အမည်က တပ်ကြပ်ကြီးလှရွှေလို့ ခေါ်ပါတယ်။ တပည့်တော်ဟာ ဆယ်နှစ်သားအရွယ်ကတည်းက တပ်ထဲရောက်ခဲ့ရပါတယ်ဘုရား။

“ဒါကြောင့်လည်း ဘာသာရေးအကြောင်း နကန်းတစ်လုံးတောင်မသိဘဲ သောက်လိုက်စားလိုက်၊ သတ်လိုက်ဖြတ်လိုက်နဲ့ အချိန်ကုန်ခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော် ကြာခဲ့ပါတယ်ဘုရား၊ အခုတပည့်တော်ဆေးပင်စင်နဲ့ တပ်ကထွက်ခဲ့ပါပြီဘုရား။ ဒီပုံစံအတိုင်းသာ သေသွားရင် အပါယ်ငရဲ ရောက်မယ်ဆိုတာ တပည့်တော်ကိုယ်တိုင် သိနေပါတယ်ဘုရား။

“အသက်လေးဆယ်ကျော်မှ ဘာသာရေးအသိကို စရမယ့် တပည့်တော်အတွက် အပါယ်လေးပါးမှလွတ်စေတဲ့ အလွယ်ကူဆုံး ကမ္မဋ္ဌာန်းတစ်ခုကို ပေးသနားပြီး ဆရာတော်ကြီးအနားမှာ သုံးလေးနှစ်ခန့် နေခွင့်ပြုပါဘုရားလို့” ခွင့်တောင်းခဲ့ပြီး ဆရာတော်ကြီးခွင့်ပြုချက်နဲ့ ရောက်လာသူဖြစ်ပါတယ်။ ဒီတော့ ဆရာတော်ကြီးကလည်း သရဏဂုံဆောက်တည်ပွားများပုံကိုသာ အဓိကထားပြီး သင်ကြားပေးပါတယ်။

ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။ ဓမ္မံ - တရားတော်မြတ်ကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။ သံဃံ - သံဃာတော်အရှင်မြတ်ကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။ ဆိုတာကစပြီး အသေးစိပ် သင်ပေးတော်မူပါတယ်။ သရဏဂုံသုံးပါး အဓိပ္ပါယ်အကျိုးသွားတွေကို ဗုဒ္ဓဘာသာတိုင်း ကျကျနနသိသင့်ပါတယ်။

ဥပမာ - ဘာသာခြားများက မေးလာပါပြီတဲ့။ ကျွန်တော်တို့ ခရစ်ယာန်ဘာသာမှာတော့ ဘာသာဝင်တဲ့ အခမ်းအနားရှိပါတယ်။ ရေဖျန်းခြင်း၊ ရေနစ်ခြင်းလုပ်ပြီးတာနဲ့ ခရစ်ယာန်ဘာသာဝင်ပြီး ဖြစ်ပါတယ်။ ကျွှန်တော်တို့ အစ္စလာမ်ဘာသာမှာတော့ နမတ်ဖတ်ပြီးတာနဲ့ အစ္စလာမ်ဘာသာဝင် ဖြစ်သွားတာပဲ။ ခင်ဗျားတို့ ဗုဒ္ဓဘာသာတွေရော ဘာသာဝင်တဲ့ အခမ်းအနားရှိပါသလား။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘယ်အချိန်မှာေုဒ္ဓဘာသာဝင်ဖြစ်သလဲလို့ မေးခဲ့ရင် ဗုဒ္ဓဘာသာအများစုမှာ ကျကျနနဖြေနိုင်မယ့်သူ အင်မတန်မှနည်းမှာပါ။ ဖြေရမှာက ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ သိတတ်တဲ့အရွယ် ပထမဆုံး သရဏဂုံဆောက်တည်ပြီးစ အချိန်မှာ ပဲ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့တယ်လို့ ဖြေရမှာပါ။

သရဏဂုံဆောက်တည်ပြီးစနေ့ဟာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့နေ့ဖြစ်သလို ဘုရား၊ တရား၊ သံဃာမှတစ်ပါး အခြားအရာတွေကို ရတနာသုံးပါးထက် မြတ်တယ်လို့ယူဆပြီး ကိုးကွယ်တဲ့နေ့ဟာ ဗုဒ္ဓဘာသာဝင် အဖြစ်ကရပ်စဲတဲ့နေ့ပဲ ဖြစ်ပါတယ်။

“ဆရာတော်ကြီးရဲ့ သွန်သင်ညွှန်ပြမူကြောင့် သရဏဂုံသုံးပါးကို အိပ်မက်ထဲ ထည့်မက်တဲ့အထိ စွဲမြဲခဲ့သလို အာနာပါနနဲ့ မေတ္တာကမ္မဋ္ဌာန်းတို့ကိုလည်း ပိုင်ပိုင်နိုင်နိုင်ကြီးပွားများလာနိုင်ပါတယ်။ ၁၃၅၄-ခုနှစ်လောက်ရောက်လာတော့ ကလေးမြို့မှာ စီးပွားရှာဦးမယ်ဆိုပြီး ပြန်သွားပါတယ်။ အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက်ရှိတဲ့အကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း လျှောက်သွားပါတယ်။

အရွယ်ကောင်းစဉ်က အိမ်ထောင်တစ်ကြိမ် ကျဖူးပါတယ်။ ဒါပေမဲ့ သားလေးရော၊ မယားပါ သူပုန်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။ အဲဒီကတည်းက နောက်အိမ်ထောင်မပြုခဲ့တာ အခုအချိန်ထိပေါ့။ ဒါပေမဲ့ အမြဲတမ်းရှိနေတဲ့ သေခြင်းတရားက ဦးလှရွှေကို စီးပွားရှာခွင့်မပေးသလို အိမ်ထောင်ပြုခွင့်လည်း မပေးတော့ပါဘူး။

၁၃၅၄-ခုနှစ် တော်သလင်းလဆုတ် ၃-ရက်၊ စနေနေ့ ညနေ ၃-နာရီမှာ ရိုးရိုးအဖျားကြီးတဲ့ရောဂါရော၊ ငှက်ဖျားရောဂါကပါနှိပ်စက်လို့ ဘ၀တစ်ပါး ပြောင်းသွားရပါတယ်။ ဆရာတော်ကြီးကလည်း တပည့်ဖြစ်သူ သူ့စကားအတိုင်း သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားရဲ့လား၊ ကောင်းရာသုဂတိရော ရောက်ရဲ့လားဆိုတာ သိပ်သိချင်နေတယ်။

ဒါပေမဲ့ ဆရာတော်ကြီးအနေနဲ့ တပ်ကြပ်ကြီးလှရွှေသေပြီးခြောက်လလောက်အကြာ ၁၃၅၄-ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁-ရက်၊ စနေနေ့ကျမှ ကလေးမြို့ကို ရောက်အောင်သွားနိုင်ပါတော့တယ်။ ဦးလှရွှေနေထိုင်မကောင်းစဉ်က အစအဆုံးပြုစုလိုက်ရတဲ့ ဦးသန်းထွန်းတို့ မိသားစုအိမ်ရောက်သွားမှ ဆရာတော်ကြီးလည်း တပည့်ဖြစ်သူအတွက် ရတက်အေးရပါတော့တယ်။

ပိုပြီးအနီးကပ်ပြုစုရတဲ့ ဦးသန်းထွန်းသားကြီးက အသေအချာပါဘုရား။ “သူတပည့်တော်လက်ပေါ်မှာ အသက်ပျောက်သွားတာပါ။ ကလေးမြို့ဆေးရုံမှာ ၇-ရက် ကြာပါတယ်ဘုရား၊ နောက်ဆုံးသေရမယ့် ရက်ကတော့ ရောဂါအပြင်းထန်ဆုံးပေါ့ဘုရား။ ရောဂါကတက်လာလိုက် ဦးလှရွှေလည်း မျက်ဖြူကြီးလန်ပြီး သတိလစ်သွားလိုက်၊ တစ်ခါ ရောဂါကျလာလို့ သတိရတာနဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိလို့ ရွတ်ဆိုတာပဲဘုရား။

“တစ်ခါ ရောဂါတက်လို့ သတိလစ်သွားလိုက်၊ ရောဂါပြန်ကျလို့ သရဏဂုံရွတ်လိုက်နဲ့ပဲ နောက်ဆုံး အသက်ထွက်သွားတာပါဘုရား။ တပည့်တော် လျှောက်ချင်တာကတော့ ဆရာတော်ကြီးတပည့်ဟာ သေရတဲ့အချိန်ထိ သရဏဂုံသုံးပါး မြဲသလားဆိုတာပါပဲဘုရား”

အဲသလောက်သိရတယ်ဆိုရင်ပဲ ဆရာတော်ကြီးက တပည့်အတွက် တော်တော်ကျေနပ်နေပါပြီ။ ပိုပြီး စိတ်ချစရာကောင်းတာက ဦးသန်းထွန်းသားအငယ် မောင်နေလင်းရဲ့ လျှောက်ထားချက်ပါပဲ။ မောင်နေလင်းက -

“ဦးလှရွှေသေပြီးနောက်ရက်မှာပဲ တပည့်တော်အိပ်မက် မက်တယ်ဘုရား။ အိပ်မက်ထဲမှာ ဦးလှရွှေက ပြိုးပြိုးပြက်ပြက် နတ်ဝတ်တန်ဆာတွေဝတ်ထားပြီး တအားလှနေတယ်ဘုရား။ လူ့ဘ၀တုန်းကနဲ့ ဘာမှမဆိုင်ဘူးတဲ့”

ဒီလောက်ဆို ပရိတ်သတ်များလည်း တပ်ကြပ်ကြီးလှရွှေ တစ်ယောက် သရဏဂုံအစွမ်းကြောင့် နတ်ပြည်ရောက်သွားပြီဆိုတာ သဘောပေါက်လောက်ပါပြီ။ တရားအဆုံးမှာ ဟောလာခဲ့သမျှကို အကျဉ်းချုပ် ခေါင်းစဉ်တပ်လိုက်ရင် သုံးမျိုးပဲ ရပါတယ်။

အသေမြတ်ချင်တဲ့သူဟာ -

၁။ မရဏနုဿတိဘာဝနာကို ပွားများထားရမယ်။
၂။ လောဘ၊ ဒေါသ၊ မောဟတရားဆိုးသုံးပါးနည်းအောင်၊ မရှိအောင် ကြိုးစားကြရပါမယ်။
၃။ သရဏဂုံသုံးပါးကို စွဲမြဲရပါမယ်။

ဒီသုံးချက်ပိုင်နိုင်ထားရင် သေခြင်းတရား ဘယ်အချိန်လာလာ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲပါပြီ။

အဲဒီအချက်တွေကို ကြိုတင်လေ့လာထားတဲ့ အသက်ရှစ်ဆယ်အရွယ် ဦးကျော်ဇောအမည်ရှိတဲ့ ဒကာကြီးဟာသူ အနိစ္စရောက်ခဲ့ရင် လိုက်ပို့တဲ့ပရိသတ်တွေ ဝေငှရအောင်ဆိုပြီး ကြိုရေးသားထားတဲ့ မရဏာနုဿတိကမ္မဋ္ဌာန်းလင်္ကာလေးရွတ်ပြီး တရားနိဂုံးချုပ်ကြရအောင်၊ လင်္ကာအဆုံးမှာ သာဓုခေါ်ကြရအောင်…

ကလလရေကြည်၊ တည်သည်ကစ၊
သေနေ့ကျအောင်၊ သွားရဝေနေ၊
ပေါင်းတစ်တွေတို့၊ နားနေရအံ့၊
တစ်စက္ကန့်မျှ၊ ခွင့်မရဘူး၊
သူကငါ့ကို၊ မှီချင်လို၍၊
အားပိုစိုက်ခါ၊ လိုက်လေပါလည်း၊
ဘယ်သောခါမှ၊ မမှီကြဘူး။
နာမရူပါ၊ ခန္ဓာငါးရပ်၊
ဓမ္မဓါတ်တို့၊ ဥပါဒ်ဋ္ဌီဘင်၊
စီအစဉ်ဖြင့် ဖြစ်လျှင်ဆောစွာ၊
ပျက်ခါသာလျှင်၊ မရဏာမင်း၊
သူ့လက်တွင်းသို့၊ ချဉ်းနင်းဝင်ရ၊
နှစ်ကာလကား၊ မည်မျှရှိ၏။
တွက်ဆဘိလော၊ သေသည့်ချိန်ရောက်၊
သေသည့်နောက်၌၊ တစ်ခေါက်တစ်ဖန်၊
လူ့ရပ်ဌာန်သို့၊ ဖြစ်ပြန်ပါလည်း၊
သေရှာဦးမည်၊ မလွဲသည်တည်း၊
နတ်ပြည်နတ်မင်း၊ ဖြစ်ပြန်လျင်းက၊
မယွင်းသေရွာ၊ ရောက်ရမှာတည်း၊
ဗြဟ္မာမင်းတွေ၊ အကုဋေတို့၊
သင်္ချေသင်္ချာ၊ သက်ရှည်ပါလည်း၊
သေမှာမယွင်း၊ သို့ဖြစ်ခြင်းကြောင့်၊
သေခြင်းဓလေ့၊ အမြဲတွေ့လျှက်၊
သေ၍မဆုံး၊ သေကြဦးမည်၊
သေတုန်းသေဆဲ၊ သေမစဲဘဲ၊
သေပွဲဝင်ရန်၊ သေမှာမှန်၏။
လူ့ထံနတ်ရွာ၊ ထိုဗြဟ္မာတို့
ဖြစ်လာသမျှ၊ မရဏဘေး၊
ထိုအရေးမှ၊ ကင်းအေးကြရန်၊
ပြည်နိဗ္ဗာန်သို့၊ စိတ်သန်ကြိုးကုတ်၊
နောက်မဆုတ်ဘဲ၊ အားထုတ်၍သာ၊
ကြိုးစားရာသည်…
သေရွာထိုမှလွတ်မည်တည်း။

(ဦးကျော်ဇော)

သာဓု…သာဓု…သာဓု…

ပုခက်နှင့်ဝေးသမျှ၊
မဝေးလှသုသာန်
ပြေးမရဆုတ်ခံခံတယ်
လုပ်ကြံလို့လွတ်ဘဲ
ပဋိစ္စသမုပ္ပါန်ကို
သမ္ဗုဒ္ဓံဟောမြွက်ကဘဲ
ဇာတိဟုရှိပါလျှင်
စုတိမှာမလွဲ
ပု, ဒိ, အာ, တုမရဲသော်မှ အမူတွဲပါဝင်
မယ်မာယာတစ်သာကီတွင်မှ
သူ့ဇာတိစခဲ့သည်ပင်
အသီတိရှစ်ဆယ်ဝင်သော်
ခေတ်နယ်တွင်ဇာတ်သိမ်းလို့
ချုပ်ငြိမ်းတဲ့ပြည်မလ္လာ၊ စုတိနှင့်သာ၊
တို့များဖြင့် မသေပါပြီ
ကေကထာရှိဘူးဗျလေး။

(မူလဒွါရမဟာနိကာယ ပဉ္စမသာသနာပိုင် အင်္ဂပူဆရာတော်ဘုရားကြီး) ၁၂ ၆၀-ခုနှစ်တွင် ရေးစပ်တော်မူသည်။

တရားနာပရိသတ်ထဲတွင် ၈-ရပ်ကွက်၊ သစ္စာပန်းခြံမှ ဦးလှဝင်းနှင့် ဒေါ်စန်းစန်းဝင်းတို့ ဇနီးမောင်နှံလည်း ပါလာခဲ့သည်။ တရားပွဲပြီး၍ အိမ်အပြန်တွင် ဦးလှဝင်က ဒေါ်စန်းစန်းဝင်အား -

“စန်းစန်စ၀င်းရာ တရားကသိပ်ကောင်းတာပဲ။ ဆရာတော်လေးက ဒကာ၊ ဒကာမတွေအတွက် တကယ့်လိုအပ်ချက်ကို ရွေးဟောပေးသွားတာပဲ။ အင်မတန်ကျေးဇူးတင်ဖို့ကောင်းတယ်။ ဒေါ်အေးကိုလည်း ချီးကျူးရမယ်ကွ၊ လင်သားအတွက် တရားပွဲလုပ်ပြီး အမျှပေးတယ်ဆိုတာ ငါ့တော့ခုတစ်ခါပဲ တွေ့ဖူးသေးတယ်။ ဆရာတော်ဟောသွားသလိုပဲ သေခြင်းတရားဆိုတာ ရင်ဘတ်နဲ့ကျောလို ကပ်နေတာကွ၊ ပေါ့ပေါ့နေလို့ မဖြစ်ဘူး။”

“ဆရာတော်သင်ပေးတဲ့အတိုင်း တို့လည်း နေ့စဉ်လေ့ကျင့်ထားရမယ်။ အေး… တစ်ခုတော့ ကြိုမှာထားမယ်ကွာ။ ငါက မင်းထက်လည်း အသက်ကြီးတော့ အရင်သေရဖို့များတယ်ကွ။ ငါများ မင်းထက်အရင်သေခဲ့ရင် ငါ့ရက်လည်မှာ ဒီမန္တလေးဆရာတော်ကိုပဲ ပင့်ပြီး တရားပွဲလုပ်ပေးပါကွာ”

ဟု မဦးမချွတ်ပြောကြားလိုက်ပါတော့သည်။ ထိုအခါ ဒေါ်စန်းစန်းဝင်းက -

“ရှင်ကလည်း နိမိတ်မရှိတာတွေ လျှောက်ပြောနတယ်”ဟု ဟန့်လိုက်ရာ ဦးလှဝင်းက -

“ကိုယ့်သေခြင်းတရားကို အမှတ်ရနေတာ၊ မရဏာနုဿတိ ဘာဝနာပွားများနေတာနဲ့ အတူတူပဲ။ ကုသိုလ်တောင်ရတယ်လို့ ဆရာတော်ဟောထားတယ်လေကွာ”ဟု ချေပသဖြင့် ဒေါ်စန်းစန်းဝင်မှာ နူတ်ဆိတ်သွားခဲ့ရသည်။

ကျွန်ုပ်၏တရားပွဲသည် ဦးလှဝင်းအတွက် သီးသန့်လာဟောပေးသကဲ့သို့ပင် ဖြစ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် နောက်တစ်လခန့်အကြာမှာပင် ဦးလှဝင်းသည် ဘာရောဂါမှမရှိဘဲနှင့် အိပ်ရာထဲမှာပင် ရုတ်တရက်သေဆုံးသွားခဲ့ရရှာသည်။ တရားပွဲတစ်ပွဲ၏ အောင်မြင်မူကို ပရိသတ်အနည်းအများ တစ်ခုတည်းနှင့် နိုင်းယှဉ်၍ မရပါ။

ဟောလိုက်သောတရားကို ပရိသတ်က ဘယ်၍ဘယ်မျှ လိုက်နာကျင့်ကြံသနည်းဟူသော ပေတံနှင့်သာ တိုင်းတာရပေမည်။ ဦးလှဝင်းကား ကျွန်ုပ်ဟောသောတရားကို မည်မျှလိုက်နာ ကျင့်သုံးကြောင်း သူ၏ကြိုတင်အမှာစကားက သက်သေခံနေပေသည်။ ဤအကြောင်းများကိုလည်း ဒေါ်စန်းစန်းစ၀င်း ကိုယ်တိုင် လျှောက်ထားသောကြောင့် ကျွန်ုပ်အပြည့်အစုံသိရခြင်းဖြစ်ပေသည်။

ဦးစွန်စိန်၏ ရက်လည်တရားပွဲကို ၁၃၆၀-ခုနှစ်၊ ပြာသိုလဆန်း ၇-ရက်၊ ၈-ရက် (၂၃-၁၂-၉၈ မှ ၂၄-၁၂-၉၈) ထိ နှစ်ညဟောပေးခဲ့ရသလို ဦးလှဝင်း၏ ရက်လည်တရားပွဲကိုလည်း (၂၃-၁-၉၉ မှ ၂၅-၁-၉၉)ထိ သုံးညဟောပေးခဲ့ရပါသည်။

အရိယာမဖြစ်သေးသော၊ ၀ိပဿနာ မရူပွားတတ်သေးသော ယောဂီမှန်သမျှ အသေမြတ်ဖို့ ဟောကြားထားသော ကျင့်စဉ်များကို လိုက်နာကျင့်ကြံနိုင်ကြပါစေသော်… 
မေတ္တာရှင် (ရွှေပြည်သာ) 
မေတ္တာရှင်(ရွှေပြည်သာ) “ကျွန်ုပ်ဘ၀မှ ဆောင်စရာနှင့် ရှောင်စရာများ” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

Saturday, June 1, 2013

"မြတ်စွာဘုရား မိန့်တော်မူခဲ့သည့် သားသမီးသုံးမျိုး"



အတိဇာတံ အနုဇာတိ၊ ပုတ္တမိစ္ဆန္တိ ပဏ္ဍိတာ။
အဝဇာတံ နဣစ္ဆန္တိ၊ ယောဟောတိကုလဂန္ဓနော။
မြတ်စွာဘုရား ဟောတော်မူတယ်။ အတိဇာတ သားသမီးတစ်မျိုး၊ အနုဇာတ သားသမီးတစ်မျိုး၊ အဝဇာတ သားသမီးတစ်မျိုး ဆိုပြီး သုံးမျိုးဟောတော်မူခဲ့ပါတယ်။
၁။ အတိဇာတသားသမီး
မိဘများရဲ့ ကျေးဇူးတရားများကိုနားလည်သိရှိပြီး စွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့စောင့်ရှောက်တတ်၍ မိဘတို့ထက် အကျင့်သီလ အာစာရဂုဏ် လိမ်မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကို အတိဇာတ သားသမီးလို့ ခေါ်ပါတယ်။ အလွန်မြင့်မြတ်တဲ့ သားသမီးမျိုးပင်ဖြစ်၏။ ထင်ရှားအောင် ပြောရရင် သာသနာတော်မှာ ရှင်ရဟန်း အဖြစ်ဖြင့် မိဘ၏ ကျေးဇူးတရားများကိုပေးဆပ်နေသော သားသမီးမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ရှင်ရဟန်းဆိုတည်းက သီလအားဖြင့် မိဘတို့စောင့်ထိန်းနေသော ငါးပါးသီလ ရှစ်ပါးသီလထက်၊ ၂၂၇သွယ်သော သိက္ခာပုဒ်များစောင့်ထိန်းနေခြင်းသည်ပင် အကျင့်သီလအားဖြင့် မြင့်မြတ်နေမည်သာဖြစ်၏။ ထိုသားသမီးမျိုးကို အတိဇာတ သားသမီးလို့ ခေါ်ပါတယ်။

၂။ အနုဇာတသားသမီး
မိဘများရဲ့ ကျေးဇူးတရားများကို နားလည်သိရှိပြီး စွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့ စောင့်ရှောက်တတ်၍ မိဘတို့နှင့် အကျင့်သီလ အာစာရဂုဏ် လိမ်မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကို အနုဇာတသားသမီးလို့ ခေါ်ပါတယ်။ ဆိုလိုတာက မိဘများက ဒါနပြုခြင်း၊ သီလစောင့်ထိန်းခြင်း၊ တရားနာခြင်းစတဲ့ အကျင့်သီလများနှင့်ပြည့်စုံသလို သားသမီးများကလည်း မိဘများပြုကျင့်သကဲ့သို့ တန်းတူ ပြုကျင့်ခြင်း၊ မိဘကျေးဇူးတရားများကိုနားလည်သိရှိခြင်း၊စတဲ့ အကျင့်တွေနဲ့ပြည့်စုံတဲ့ သားသမီးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ (တနည်းအားဖြင့်) မိဘများက ရတနာသုံးပါးအားဆည်းကပ်ကိုးကွယ်ခြင်း၊ ကံ ကံ၏ အကြောင်းအကျိုးကို သက်ဝင်ယုံကြည်ခြင်း စတဲ့ ဗုဒ္ဓဘာသာဝင်ပီပီ သာသနာရဲ့ ရေသောက်မြစ်သဖွယ် ဖြစ်တဲ့ အကျင့်တရားတို့ပြည့်စုံသလို သားသမီးများကလည်း မိဘတို့နည်းတူ ထိုအကျင့်တရားများပြည့်စုံပြီး မိဘတို့ကျေးဇူးအား အထူးသိတတ်ပေးဆပ်တတ်တဲ့ သားသမီးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ မိဘများက မိဘကျင့်ဝတ်များနှင့် ပြည့်စုံသလို သားသမီးများကလည်း ဘာသာတူ လူမျိုးတူအချင်းချင်း ပေါင်းသင်းဆက်ဆံ အိမ်ထောင်ပြုခြင်းလို့ခေါ်တဲ့ (စောင့်လေမျိုးနွယ်) စတဲ့ သားသမီးကျင့်ဝတ်များနှင့်ပြည့်စုံနေပြီး မိဘများနှင့် ကိုယ်ကျင့်သီလတူညီ အကျင့်တရားများနှင့် တန်းတူဖြစ်အောင် ကျင့်ကြံပြည့်စုံနေတဲ့ သားသမီးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ထိုသားသမီးမျိုးဖြစ်အောင် ကျင့်ကြံကျပါလို့တိုက်တွန်းချင်ပါတယ်။
၃။ အဝဇာတသားသမီး
မိဘတို့၏ ကျေးဇူးတရားကိုမသိ၊ သိအောင်လည်းမကြိုးစား၊ကျေးဇူးတရားများကို ပေးဆပ်ရကောင်းမှန်း မသိသည့်အပြင် စာရိတ္တပိုင်းဆိုင်ရာ ပျက်စီးခြင်း၊ ထိုမှတဖန် မိဘတို့က မှန်ကန်သော အယူရှိသည့် သမ္မာဒိဋ္ဌိ ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း သားသမီးများကတော့ မှားသော အယူဝါဒရှိတဲ့ မိစ္ဆာဒိဋ္ဌိများနှင့် ပေါင်းသင်းဆက်ဆံ အိမ်ထောင်ပြုခြင်း၊ မိဘများက ဗုဒ္ဓဘာသာဝင်ပီပီ ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားနာခြင်း၊ စတဲ့ အကျင့်တရားများနှင့်ပြည့်စုံသော်လည်း သားသမီးများက သောက်စား မူးယစ်ပျော်ပါးခြင်း၊ မိဘတို့က မိဘကျင့်ဝတ်များနှင့်ပြည့်စုံသော်လည်း သားသမီးများက သားသမီးကျင့်ဝတ်များကို ဖျက်စီးခြင်း၊ (ဥပမာ) မိဘများက သူတို့ရဲ့ မိဘဘိုးဘွားများ လက်ထက်တည်းက စောင့်လေမျိုးနွယ်အပါအဝင်သားသမီးကျင့်ဝတ်များနှင့်ပြည့်စုံအောင်နေခဲ့ပြီး မိဘအဖြစ်သို့ရောက်ရှိတဲ့ အခါမှာလည်း မိဘကျင့်ဝတ်နှင့်ပြည့်စုံသော်လည်း၊ ယခုလက်ရှိသားသမီးများကတော့ သားသမီးကျင့်ဝတ်များ ဖောက်ဖျက်ခြင်း၊(ဥပမာ) စောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီးကျင့်ဝတ်ကို စောင့်ထိန်းရမည်ဖြစ်သော်လည်း မစောင့်ထိန်းဘဲ ဘာသာခြားများနှင့် အိမ်ထောင်ပြုကာ ဘာသာခြား အယူကို လက်ခံကျင့်သုံးခြင်းစတဲ့ မိဘကျေးဇူးတရားများကို မသိရှိ မပေးဆပ်ခြင်း၊ မိဘများထက် ကိုယ်ကျင့်သီလထက်နိမ့်ကျခြင်း၊ မိဘပြောဆိုဆုံးမမှုကိုမခံယူဘဲ သောက်စားမူးယစ်ပျက်စီးနေခြင်း၊ အကျင့်စာရိတ္တများ ပျက်ပြားခြင်း၊ စောင့်လေမျိုးနွယ်စတဲ့ သားသမီးတို့ထိန်းသိမ်းအပ်သည့် ကျင့်ဝတ်ကို မထိန်းသိမ်းဘဲ အိမ်ထောင်ပြုမှု ပက်စက်ပြီး ဗုဒ္ဓဘာသာကို စွန့်လွှတ်ပြီး မိစ္ဆာအယူကို ခံယူခြင်းစတဲ့ အယူဝါဒ ပျက်စီးခြင်းစတဲ့ ပျက်စီးခြင်းများနှင့် ပျက်စီးပြီး ကိုယ်ကျင့်သီလ အောက်တန်းကျနေတဲ့ သားသမီးမျိုးကို အဝဇာတသားသမီးလို့ခေါ်ဆိုပါတယ်။
ဒါကြောင့် အားလုံးသော ဓမ္မမိတ်ဆွေများအနေနဲ့ မိဘတို့ထက်ကိုယ်ကျင့်တရားနိမ့်ကျပြီး ပျက်စီးခြင်းများနှင့် ပျက်စီချင်တိုင်းပျက်စီးနေတဲ့ အဝဇာတသားသမီးမျိုး မဖြစ်အောင် ထိန်းသိမ်းရပါမယ်။ မိဘများ မိဘဝတ်တရားများနှင့်ပြည့်စုံသလို သားသမီးများကလည်း သားသမီးကျင့်ဝတ်များနှင့်ပြည့်စုံအောင် မိမိနှင့်ဘာသာတူ လူမျိုးတူသူများနှင့်ပေါင်းသင်းဆက်ဆံ အိမ်ထောင်ပြုခြင်းစတဲ့ ကျင့်ဝတ်များကို စောင့်ထိန်းခြင်း၊ မိဘကျေးဇူးတရားများကို သိရှိနားလည်အောင်ကြိုးစားခြင်း၊ နားလည်သည့်အားလျော်စွာ ပြန်လည်ပေးဆပ်ခြင်း၊ မိဘတို့ကျင့်သုံးအပ်တဲ့ ဒါန သီလ သမာဓိ ပညာစတဲ့ ဗုဒ္ဓဘာသာတို့ရဲ့ အကျင့်တရားများကို ကျင့်ကြံကြသလို မိမိတို့လည်း ကျင့်ကြံအားထုတ်နိုင်အောင် အတိဇာတသားသမီးမျိုး မဖြစ်နိုင်တောင်မှ အနုဇာတ သားသမီးမျိုးဖြစ်အောင် အဝဇာတ သားသမီးမျိုး မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ကြပါလို့တိုက်တွန်းအပ်ပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)