">

Saturday, June 1, 2013

သေတာမငိုသော မိသားစု


မိသားစုအားလုံးကို သားသေကြောင်း အသိပေးပြောကြားပြီး မီးသဂြိုဟ်ဖို့ ထွက်လာခဲ့ကြတယ်။ ထမင်းကလည်း တစ်ယောက်စာသာ ထုပ်လို့ပေါ့။ လယ်ထဲရောက်တော့ အလောင်းဘေးမှာ ၀ိုင်းထိုင်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ မရဏာနုဿတိဘာဝနာကို ပွားများကြတယ်။ ရုပ်ပျက်ဆင်းပျက် အော်ဟစ်ငိုဖို့နေနေသာသာ မျက်ရည်တောင်မလည်ကြပါဘူးတဲ့။ ဘာဝနာပွားပြီးတာနဲ့ သားအလောင်းကို မီးသင်္ဂြိုဟ်ကြတယ်။


သူတို့ရဲ့ မရဏာနုဿတိဘာဝနာတန်ခိုးကြောင့် သိကြားမင်းတောင် မနေနိုင်ဘဲ တာဝတိံသာက ဆင်းလာပြီး ခရီးသွားယောင်ဆောင်ကာ ပုဏ္ဏားကြီးကို စမေးတယ်။

“အသင်ပုဏ္ဏားကြီးတို့ မိသားစု ဘာလုပ်နေကြတာပါလဲ”

“လူသေအလောင်းကို မီးသင်္ဂြိုဟ်နေတာပါ”

“ကျွန်ုပ်ကတော့ လူသေမီးရို့တယ်လို့ မထင်ဘူး။ သားကောင်တစ်ကောင်ကို မီးရို့တယ်လို့ပဲထင်တယ်”

“မဟုတ်ပါဘူး ခရီးသွားကြီး၊ လူသေကောင်ကို မီးရို့တာပါ”

“လူသေဆိုရင်လည်း အဲဒီသေတဲ့လူဟာ သင်တို့ရဲ့ ရန်သူဖြစ်မယ်ထင်ပါတယ်”

“ရန်သူမဟုတ်ပါဘူး၊ ကျွန်ုပ်ရဲ့ သားကြီးပါ”

“သားဆိုရင်လည်း မုန်းစရာကောင်းတဲ့သား ဖြစ်မယ်ထင်ပါတယ်”

“မဟုတ်ပါဘူး၊ လိမ္မာပြီး အလွန်ချစ်စရာကောင်းတဲ့ သားတစ်ယောက်ပါ”

“ဒါဆိုရင် ဖခင်ဖြစ်တဲ့သင်ဟာ ဘာဖြစ်လို့ မငိုတာလဲ”

“မိတ်ဆွေ၊ မြွေဟာ အရေဟောင်းကိုစွန့်ပြီး လိုရာသွားသကဲ့သို့ ကျွန်ုပ်သားသည်လည်း ဘ၀ဟောင်းကိုစွန့်၍ ဘ၀သစ်သို့ သွားခဲ့လေပြီ။ ဤရုပ်ကလာပ်သည် ဘာမျှအသုံးမကျတော့ပေ။ သေလွန်သွားသူအတွက် ငိုကြွေးလို့ ကျွန်ုပ်အတွက်ဘာအကျိုးရှိမှာလဲ။ ကျွန်ုပ်တို့က ငိုကြွေးနေသော်လည်း ဘ၀တစ်ပါးရောက်သွားသူက ဘာမှမသိတော့ပေ။ ဒါကြောင့် မငိုကြွေးခြင်းဖြစ်ပါတယ် မိတ်ဆွေ” “အင်း - တော်ပါပေတယ်၊ တော်ပါပေတယ်”ဟုပြောကာ ပုဏ္ဏေးမကြီးဘက် လှည့်မေးပြန်ပါတယ်။

“အစ်မကြီးနဲ့ အခုသေသွားသူဟာ ဘာတော်ပါသလဲ”

“ကျွန်မ၀မ်းမှာ ဆယ်လလွယ်ပြီးမွေးခဲ့ရတဲ့ သားအရင်းပါ”

“သားအရင်းသေတာတောင် မျက်ရည်တစ်စက်မကျတာ ဘယ်လိုကြောင့်ပါလဲ”

“ခရီးသွားကြီး၊ ကျွန်မသားဟာ ကျွန်မက မခေါ်ဘဲနဲ့ ဒီဘ၀ထဲကို ရောက်လာတာပါ။ အခုလည်း ကျွန်မကမနှင်ဘဲ သူ့ဟာသူ ဘ၀တစ်ပါးကို ပြန်သွားခဲ့ပါပြီ။ အဲဒီလို မခေါ်ဘဲနဲ့လာ၊ မနှင်ဘဲနှင့် ပြန်သူတစ်ယောက်အတွက် ကျွန်မငိုနေလို့ ဘာမှအကျိုးမရှိပါဘူး“ လို့ဖြေလိုက်တော့ သိကြားမင်းလည်း တအံ့တသြဖြစ်ပြီး သေသူရဲ့ နှမကို မေးမြန်းပါတယ်။

“တူမနဲ့သေသူ ဘာတော်ပါသလဲ”

“မောင်နှမတော်ပါတယ်”

“ဒါဆိုရင် ကိုယ့်အစ်ကိုတစ်ယောက်သေတာ ဘာဖြစ်လို့ မငိုရတာလဲ”

“ဦးကြီး၊ သေသူအတွက် ငိုကြွေးပြီး မစားနိုင်သောက်နိုင်ဖြစ်ရင် ပိန်လှီပြီး ရောဂါရတာပဲရှိမှာပေါ့။ သေသူအတွက်ရော၊ ငိုသူအတွက်ရော ဘာမှအကျိုးမရှိပါဘူး။ ကျွန်မနဲ့စပ်ဆိုင်သမျှ ဆွေမျိုးသားချင်းတွေက ကျွန်မငိုကြွေးတာကြည့်ပြီး စိတ်ဆင်းရဲတာပဲရှိမှာပါ။ ဒါကြောင့် မငိုကြွေးခြင်းဖြစ်ပါတယ်”

သိကြားမင်းကတော့ အံ့သြပြီးရင် အံ့သြရင်းပေါ့။ တစ်ခါသေသူရဲ့ မယားဖြစ်သူဘက်လှည့်ပြီး -

“ဒီဘက်ကတူမနဲ့ရော သေသူနဲ့ရော ဘာတော်ပါသလဲ”

“ကျွန်မကို လုပ်ကိုင်ကျွေးမွေးနေတဲ့ ခင်ပွန်းဖြစ်ပါတယ်”

“ကိုယ့်ခင်ပွန်း လင်သားတစ်ယောက်သေတာတောင် ဘာကြောင့် မငိုကြွေးတာလဲ”

“ကောင်းကင်က လမင်းကို ယူပေးဖို့ပြောပြီး ငိုကြွေးတဲ့ ကလေးရယ်၊ သေသူကိုအာရုံပြုပြီး ငိုကြွေးတဲ့သူရယ်ဟာ အတူတူပါပဲ။ ဘာမှ အကျိုးမရှိပါဘူး။ ဒါကြောင့် မိုကြွေးခြင်းဖြစ်ပါတယ်”

“ဒီဘက်ကတူမရော သေသူနဲ့ ဘာတော်ပါသလဲ”

“ကျွန်မရဲ့သခင်ပါ”

“သခင်တစ်ယောက်သေတာကို ဘာကြောင့်မငိုကြွေးရတာလဲ၊ အသင့်အပေါ်မှာ နှိပ်စက်ကလူပြုခဲ့တဲ့သူ ဖြစ်နေလို့များလား”

“အမူလုပ်တွေအပေါ် မေတ္တာ၊ ကရုဏာနဲ့စောင့်ရှောက်တဲ့ သခင်တစ်ယောက်ဖြစ်ပါတယ်၊ မငိုကြွေးရတာကတော့ အစိပ်စိပ်အမွှာမွှာကွဲသွားတဲ့အိုးဟာ ဘယ်လိုမှ အကောင်းပြန်မဖြစ်တော့သလို သေသူအတွက် ငိုကြွေးနေလို့လဲ အသက်ပြန်ရှင်နိုင်တော့တာ မဟုတ်ပါဘူး။ ဒါကြောင့် အပိုအလုပ်ဖြစ်တဲ့ ငိုကြွေးခြင်းအလုပ်ကို မလုပ်တာဖြစ်ပါတယ်”

အဲဒီအခါမှာ သိကြားမင်းဟာ သာဓုသုံးကြိမ်ခေါ်ပြီး သင်တို့ ရထားတဲ့ တရားကို နားထောင်ချင်လို့ လာခဲ့ခြင်းဖြစ်ပါတယ်။ ငါဟာ နတ်တို့ရဲ့အရှင် သိကြားမင်းပါ။ သင်တို့သားဟာလည်း နတ်ပြည်ကို ရောက်နေခဲ့ပါပြီ။ သင်တို့လည်း ယနေ့ကစပြီး ၀မ်းရေးအတွက် ဘာမှမပူကြပါနဲ့တော့။ သင်တို့မိသားစုအတွက် တစ်သက်စာရတနာများကို ပေးခဲ့ပါ့မယ်။ အကျိုးကြီးလှတဲ့ မရဏာနုဿတိဘာဝနာကို ဆက်လက်ပွားများပြီး ဒါနလည်း ပြုကြပါ။ သီလလည်း ဆောက်တည်ကြပါလို့ မှာကြားပြီးနတ်ပြည်ကို ပြန်သွားခဲ့ပါတယ်။

သေနည်းသင်တန်းအတွက် ဒုတိယအချက်ကတော့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ တရားဆိုးသုံးမျိုး နည်းသွားအောင်၊ ကုန်သွားအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ကိလေသာတွေကတော့ ဒီသုံးပါးထဲထိုက်သလို ၀င်သွားကြတာပါ။ ဒါကြောင့် ဒီသုံးပါးကိုသာ အဓိကထား ပြောရခြင်းဖြစ်ပါတယ်။ ကိလေသာခေါင်ချုပ်ကတော့ ဒိဋ္ဌိကိလေသာပါ။ သူ့ကိုတော့ ၀ိပဿနာပညာနဲ့ သတ်ရပါတယ်။

ဒိဋ္ဌိပြုတ်ဖို့ကတော့ သီးသန့်အချိန်ပေးတော့မှ ဖြစ်မှာပါ။ အခုတရားက ၀ိပဿနာကို ထိထိရောက်ရောက် မရူတတ်သူတွေ၊ အရိယာမဖြစ်သေးသူတွေအတွက် ဦးစားပေးဟောနေတာပါ။ ၀ိပဿနာမပွားတတ်သေးခင်၊ အရိယာမဖြစ်သေးခင် သေဘေးနဲ့ကြုံလာခဲ့ရင် သစ်မရခင် ၀ါးပေါင်ကွပ်တဲ့အနေနဲ့ ဟောပေးခြင်းပါ။ ဒီတော့ ဒီကိလေသာသုံးမျိုးရဲ့ ဆိုးကျိုးတွေကို ကြည့်လိုက်ရင် -

လောဘဆိုတာ သက်ရှိသက်မဲ့တစ်ခုခုကို စွဲလမ်းတပ်မက်ခြင်းပါ။ အဲဒီလောဘစိတ်နဲ့သေရင် ပြိတ္တာဘုံရောက်ပါတယ်။ ဒီလောဘဓါတ်တွေ လူသားတွေသန္တာန်မှာ အားကြီးလာမယ်ဆိုရင် ဒုဗ္ဘိက္ခန္တရ - အငတ်ဘေးကြီး ဆိုက်ရပါတယ်။ ဒီထက်ပိုပြီး အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ မီးလောင်ပြီး ပျက်စီးရပါတယ်။

ဒေါသဆိုတာ စိတ်ဆိုးတာ၊ အမျက်ထွက်တာ၊ ရန်ငြိုးဖွဲ့တာ၊ အာဃာတထားတာတွေပါ။ အဲဒီဒေါသစိတ်နဲ့သေရင် ငရဲထိကျပါတယ်။ ဒီဒေါသဓါတ် လူသားတွေသန္တာန်မှာ အားကြီးလာမယ်ဆိုရင် သတ္ထန္တရကပ် - လက်နက်ဘေးကြီးဆိုက်ရပါတယ်။ ဒီထက်ပိုပြီး အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ ရေလွှမ်းပြီး ပျက်စီးရပါတယ်။

မောဟဆိုတာ တွေဝေတာ၊ အမှန်ကိုမသိတာ။ အဲဒီမောဟနဲ့သေရင် တိရစ္ဆာန်ဘုံရောက်ပါတယ်။ ဒီမောဟဓါတ်တွေ လူသားတွေသန္တာန်မှာ အားကြီးလာမယ်ဆိုရင် ရောဂန္တရကပ်-ရောဂါဘေးကြီး ဆိုက်ပါတယ်။ ဒီထက်ပိုပြီး အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ လေတွေကျပြီး ပျက်စီးရပါတယ်။

လိုချင်တပ်မက်တဲ့လောဘဓါတ်ကို ဒါနနဲ့သတ်ပါ။ အမျက်ထွက်တဲ့ဒေါသကို သီလနဲ့သတ်ပါ။ တွေဝေတဲ့မောဟကို ဘာဝနာနဲ့သတ်ပါ။ တစ်ချက်ခုတ် သုံးချက်ပြတ်ဆိုတဲ့အတိုင်း ဘာဝနာတစ်ခုခု လက်ကိုင်ထားပြီး ပွားနေမယ်ဆိုရင် လောဘ၊ ဒေါသ၊ မောဟသုံးမျိုးလုံး မဖြစ်နိုင်တော့ပါဘူး။ လောဘ၊ ဒေါသဖြစ်ရင် သိလွယ်လို့ ရန်သူကို တိုက်ရိုက်ရင်ဆိုင်ရတာနဲ့ တူပါတယ်။ ယှဉ်တိုက်တဲ့အခါ နိုင်တဲ့အခါလည်း နိုင်မယ်၊ ရူံးတဲ့အခါလည်း ရူံးမယ်ပေါ့။ 
 မေတ္တာရှင်(ရွှေပြည်သာ) “ကျွန်ုပ်ဘ၀မှ ဆောင်စရာနှင့် ရှောင်စရာများ” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment