အလောင်းတော်
သန္ဓေခ၍ ဆယ်လစေ့သော ကဆုန်လပြည့်နေ့တွင် မယ်တော်မာယာသည် ဆွေမျိုးများရှိရာ
ဒေ၀ဒဟပြည်သို့ ခရီးထွက်ခွာလေသည်၊ ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်အကြား
လုမ္ဗိနီအင်ကြင်းဥယျာဉ်တော်ရှိသည်၊ အင်ကြင်းပန်းများ ပင်လုံးကျွတ်
ဖူးပွင့်နေချိန်ဖြစ်၏၊ မယ်တော်မာယာသည် ဥယျာဉ်တော်အတွင်း
ပင်လုံးကျွတ်ပွင့်နေသော အင်ကြင်းပင်၏အခက်ကို လက်တစ်ဘက်ဖြင့်
လှမ်းကိုင်စဉ်မှာပင် အလောင်းတော်မြတ်ကို ဖွားမြင်တော်မူခဲ့သည်၊ ထိုအခါ၌လည်း
မြေငလျင်ကြီးစွာ တုန်လူပ်ပြန်သည်။
ဖွားတော်မူလျှင် နတ်ဗြဟ္မာတို့သည် ဘုရားအလောင်းတော်အား ပူဇော်ကြကုန်၏၊ ဘုရားအလောင်းမင်းသားသည် မြေပေါ်၌ ရပ်တော်မူလျက် အရပ်ဆယ်မျက်နှာကို ကြည့်တော်မူ၏၊ ထို့နောက် မြောက်အရပ်သို့ ခြေခုနှစ်လှမ်း လှမ်းကြွတော်မူ၏၊ ထို့နောက် တည့်တည့်မတ်မတ် ရပ်တော်မူပြီးနောက် အောက်ပါ စကားသုံးခွန်းကို မြွတ်ဆို ကျူးရင့် ကြွေးကြော်တော်မူသည်။
- အဂ္ဂေါဟမသ္မိ လောကဿ - ငါသည် လောကတွင် အဦးဆုံးဖြစ်၏။
- ဇေဋ္ဌာဟမသ္မိ လောကဿ - ငါသည် လောကတွင် အကြီးအကဲဆုံးဖြစ်၏။
- သေဋ္ဌောဟမသ္မိ လောကဿ - ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။
ထို့နောက် မယ်တော်မာယာသည် သားတောင်အလောင်းမင်းသားနှင့်အတူ ကပိလ၀တ် နေပြည်တော်သို့ ပြန်ကြွခဲ့လေသည်၊ ဘုရားအလောင်းတော်ကို မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့၌ ဖွားတော်မူပြီး ခုနှစ်ရက်မြောက်သောအခါ မယ်တော်မာယာစုတေ၍ တုသိတာနတ်ပြည်၌ ဖြစ်လေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment