ထို့နောက် ကျေးဇူးလည်းရှိ၍ ဟောလျှင်
သိနိုင်သောသူများအား ဆက်လက် ဆင်ခြင်တော်မူရာ ဗာရာဏသီမြို့အနီး
မိဂဒါဝုန်တောသို့ ထွက်ခွာသွားကြသော ပဉ္စ၀ဂ္ဂီ ၅-ဦးတို့ကို မြင်တော်မူ၍
မဟာဗောဓိပင်မှ ၁၈-ယူဇနာ (၁၄၄-မိုင်ခန့်) ဝေးသော မိဂဒါဝုန်သို့
ခြေလျင်ကြွတော်မူသည်။
မြတ်စွာဘုရားရှင်သည် သားသမင်တို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဉ္စ၀ဂ္ဂီ ၅-ဦးတို့အား ရှောင်ကြဉ်ရန် ၀ဲယာအစွန်းလွန် လမ်းစဉ်နှစ်မျိုး။ လိုက်နာကျင့်ကြံရန် မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ခေါ် မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော “ဓမ္မစက္ကပ၀တ္တနသုတ္တန်” (ဓမ္မစကြာ) တရားကို ဟောကြားတော်မူရာ အရှင်ကောဏ္ဍညထေရ်သည် နတ်ဗြဟ္မာ ၁၈-ကုဋေတို့နှင့်အတူ သောတာပန် တည်တော်မူလေသည်။ တရားဒေသနာအပြီးတွင် မဟာပထ၀ီမြေကြီးလည်း မြည်ဟည်း တုန်လူပ်သွားသည်။
ဓမ္မစကြာတရားဦးဟောရာ ထိုနေ့ကား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ နေလည်းဝင်စ၊ လလည်းထွက်ပြူချိန်ဖြစ်သော ၀ါဆိုလပြည့် စနေ့ ညနေချမ်း ဖြစ်သည်။ နေလနက္ခတ်တာရာနှင့် ပျားပန်းခတ်မျှ တရားနာလာကြ သွားကြသော နတ်ဗြဟ္မာတို့၏ အရောင်အ၀ါများ၊ တစ်လောကလုံး အခါမဲ့ပွင့်သော ပန်းများကြောင့် ထူးခြားသော နေ့ကြီးတစ်နေ့လည်းဖြစ်တော့သည်။
လပြည့်ကျော် ၁-ရက်နေ့မှစ၍ ၄-ရက်တိုင်တိုင် ဓမ္မစကြာတရားတော်အတိုင်း ကျင့်ကြံအားထုတ်စေတော်မူရာ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိလေးဦးတို့လည်း တစ်ရက်ပြီးတစ်ရက် တစ်ပါးပြီးတစ်ပါး သောတာပန် တည်ကြလေ၏။ ၀ါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် - “အနတ္တလက္ခဏသုတ္တန်”ကို ဟောတော်မူရာ ပဉ္စ၀ဂ္ဂီငါးပါးလုံး ရဟန္တာဖြစ်တော်မူကြလေသည်။
ထိုအခါမှစ၍ ကမ္ဘာလောကကြီးအတွင်း “သံဃရတနာ” ဟူ၍ ပေါ်ထွန်းလာလေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment