">

Monday, December 17, 2012

ဒုက္ကစရိယာ ကျင့်တော်မူခြင်း (တရားဟောရန် သဟမ္ပတိဗြဟ္မာကြီး တောင်းပန်ခြင်း)

သတ္တသတ္တာဟ စံနေတော်မူပြီးနောက် မြတ်စွာဘုရားသည် ရာဇာယတနမှ အဇပါလညောင်ပင်သို့ ပြန်လည် ကြွတော်မူပြီး မိမိ ရရှိသိမြင်ခဲ့သော တရားတော်ကို ဆင်ခြင်၍ ကြံစည် စဉ်းစားတော်မူသည်မှာ-

“မိမိကိုယ်တော်အတွက်မူ ဗောဓိပင်ရင်းမှာပင် သဗ္ဗညုဉာဏ်တော်မြတ်ကို ရရှိပြီး၍ ပြုဖွယ်ကိစ္စအားလုံး ပြီးဆုံး ပြည့်စုံပြီဖြစ်သည်။ သို့သော်လည်း သုမေဓာဘ၀မှ စတင်ကြုံးဝါးခဲ့သော -

- ဗုဒ္ဓေါ ဗောဓေယျံ = ငါ သိသလို သတ္တ၀ါတို့ကိုလည်း သိစေမည်။

- မုတ္တော မောစေယျံ = ငါ လွတ်သလို သတ္တ၀ါတို့ကိုလည်း လွတ်စေမည်။

- တိဏ္ဏော တာရေယျံ = သံသရာမှ ငါ ကူးမြောက်သလို သတ္တ၀ါတို့ကိုလည်း ကူးမြောက်စေမည် -

ဟူသော ကြုံးဝါးချက်အရ ငါ သိသည့်အတိုင်း ဝေနေယျသတ္တ၀ါတို့အား တရားဟောပြတော်မူရန် အချိန်တန်ပြီ။

သို့သော် ငါသိသော တရားကား ခက်လည်း ခက်ခဲ၏။ နက်လည်း နက်နဲ၏။ အလွန်တရာ သိမ်မွေ့၏။ သိနိုင် မြင်နိုင်ခဲ၏။ ဤကမ္ဘာလောက အတွင်းရှိ ဝေနေယျသတ္တ၀ါတို့ကား လောဘ၊ ဒေါသ၊ မောဟ ဖုံးကာ ငါ့တရားကို နားလည်ကြမည်မဟုတ်၊ တရားဟောလျှင် ငါသာလျှင် ပင်ပန်းရုံ ရှိတော့မည်”ဟု အောက်မေ့ကာ တရားမဟောဘဲ အေးချမ်းစွာ နေရန် အကြံဖြစ်တော်မူလေသည်။

ထိုအခါ သဟမ္ပတိမည်သော ဗြဟ္မာကြီးသည် မြတ်စွာဘုရား အကြံတော်ကို သိ၍ နတ်ဗြဟ္မာတို့နှင့်အတူ လာပြီးလျှင် တရားဟောတော်မူပါရန် တောင်းပန်လျှောက်ထားသည်။

တရားဟောရန် တောင်းပန်ရခြင်းသည် ဘုရားရှင်တို့၏ ထုံးတမ်းစဉ်လာ ဓမ္မတာလည်ဖြစ်၏။ တောင်းပန်၍ ဟောရခြင်းသည် တ၇ားတော်လည်း ဂုဏ်တက်သည်။ အထူးသဖြင့် ထိုခေတ်အခါက တစ်လောကလုံးက ဘုရားအဖြစ် ကိုးကွယ်နေကြသော ဗြဟ္မာကြီး ကိုယ်တိုင် ဦးညွတ်တောင်းပန်ရသည်ဖြစ်၍ ဘုရားရှင်တရားသည် သာ၍ပင် လေးစားဘွယ်ဖြစ်လေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment