ထိုအခါမှစ၍ ဤကမ္ဘာလောကကြီးအတွင်း
မြတ်စွာဘုရားနှင့်တကွ ကိလေသာ အာသဝေါ ကုန်ခန်းသော ရဟန္တာခြောက်ကျိပ်တစ်ပါး
ထင်ရှား ဖြစ်ပေါ်တော်မူကြ၏။ ပဉ္စ၀ဂ္ဂီ ၅-ပါး၊ ယသ အမှူးရှိသာ ၅၅-ပါးတို့ကား “ဧဟိ ဘိက္ခု” ရဟန်းများ ဖြစ်ကြကုန်၏။ “ချစ်သား လာလော့”ဟု ခေါ်ရုံမျှဖြင့် လူ့အသွင် ပျောက်ကာ ရဟန်းအသွင်ရောက်လာသူများဖြစ်သည်။
ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ ပထမ၀ါကပ်တော်မူပြီး ၀ါကျွတ်သောအခါ မြတ်စွာဘုရားရှင်သည် ထိုရဟန်းတော်ခြောက်ကျိတ်တို့ကို ခေါ်တော်မူ၍ သတ္တ၀ါများ စီးပွားချမ်းသာ များစေရန်အလို့ငှာ အစ အလယ် အဆုံး ကောင်းခြင်းသုံးပါးနှင့် ပြည့်စုံသော တရားကို ဟောကြား၍ မဇ္ဈိမပဋိပဒါ မဂ္ဂကျင့်စဉ်များကို ပြသပေးရန် သာသနာပြု စေလွှတ်တော်မူသည်။ ခရီးတစ်ကြောင်းတွင် နှစ်ပါးပေါင်း၍ မသွားရန်လည်း မှာကြားတော်မူသည်။
ထိုသို့ သာသနာပြု စေလွှတ်ပြီးနောက် ကိုယ်တော်တိုင်လည်း ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ အမည်ရသော ကဿပညီနောင်သုံးဦးတို့ ဦးဆောင်သော ရသေ့တစ်ထောင်ကို ကယ်ချွတ်တော်မူရန် ဥရုဝေလတောအရပ်သို့ ကြွတော်မူ၏။
မြတ်စွာဘုရားသည် တပည့်ရဟန်းတော်များနှင့် ခွဲခွာ၍ ဥရုဝေလတောသို့အကြွ၊ လမ်းခရီးအကြားရှိ တောအုပ်တစ်ခုအတွင်း သစ်ပင်ရင်း၌ နေတော်မူစဉ် ဘဒ္ဒ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ပျော်ပါးရန် ခေါ်လာခဲ့သော အမျိုးသမီးတစ်ဦးက လက်ဝတ်တန်ဆာများ ယူငင်ထွက်ပြေး၍ ထိုအမျိုးသမီးကို လိုက်လံ ရှာဖွေရင်း ဘုရားရှင်ထံ ရောက်လာကြသည်။
ထိုအခါ ဘုရားရှင်က “သူတပါးကို ရှာဖွေခြင်းထက် မိမိကိုယ်ကို တွေ့မြင်အောင် ရှာခြင်းက ပို၍ အကျိုးရှိကြောင်း” ဟောတော်မူရာ မင်းသားအားလုံး သောတာပန်စသည်တည်၍ ဧဟိ ဘိက္ခု ရဟန်းများ ဖြစ်တော်မူကြသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment