">

Thursday, August 2, 2012

ဒီမိုကရေစီနိုင်ငံတော် မြန်မာလူမျိုးများနှင့် အနာဂတ်ခရီး


မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၈ မိုင် ကျယ်ဝန်းပြီး လူဦးရေစုစု ပေါင်း ၅၅ သန်းကျော်ရှိကာ အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံ တို့ဝန်းရံလျက်တည်ရှိပြီး တရုတ်နှင့် အိန္ဒိယပြီးလျှင် တတိယ အကြီးဆုံးနိုင်ငံ ဖြစ်သည်။
ပင်လယ်ထွက်ပေါက်အဖြစ် ဘင်္ဂလားပင်လယ်အော် (Bay of Bangal)နှင့် အန်ဒမန်ပင်လယ် (Adman Sea) တို့ရှိသည်။
မြန်မာနိုင်ငံသည် မိမိတို့ဘိုးဘွား ဘီဘင် ရှေးယခင်နှစ်ပေါင်းများစွာကပင် မြေပေါ်၊ မြေအောက်၊ သယံဇာတများ ပေါကြွယ်ဝသဖြင့် ကမ္ဘာ့အလယ်တွင် ထင်ရှားခဲ့ကြောင်းလည်း မှတ်သားရပါသည်။
သယံဇာတပေါကြွယ်ဝခြင်းသည် လောကတွင် ကောင်းကျိုးနှင့် ဆိုးကျိုး နှစ်ဖြာသောရလဒ်များ ခံစားရမြဲဖြစ်သည့်အားလျော်စွာ ထိုအချက်များကြောင့် တစ်ကြောင်းအားဖြင့် မြန်မာ နိုင်ငံသည် ကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ် နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ ဖူးလေပြီ။

ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ကိုယ့် လူမျိုး၊ ကိုယ့်ဓလေ့နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်လျက် ရှိပေသည်။
မြေပေါ်သယံဇာတများမှာ နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ပြီးနောက် စာရေးသူတို့လက်ထက်တွင် အကန့်အသတ်ဖြင့်သာ ကျန်ရှိတော့၏။
မြေအောက် သယံဇာတများမှာလည်း ထိုနည်းနှင်နှင်ရှိချေတော့မည်သာ၊ စာရေးသူသတိပြုမိသော မြန်မာနိုင်ငံမှ နိုင်ငံသားများ၏ ကုန်ထုတ်လုပ်မှုနှင့် ကုန်ဝယ်ယူမှု အခြေအနေတချို့ကို နှိုင်းယှဉ် တင်ပြလိုပါသည်။
ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုသည် များသောအားဖြင့် ကုန်ကြမ်းကို ထုတ်လုပ်ရောင်းချနိုင်သေးသည့် အနေအထား တွင်သာ ရပ်တည်လျက်ရှိသည်။
သစ်၊ ရာဘာ၊ ရေနံ၊ သဘာဝဓါတ်ငွေ့မှအစ အခြားတွင်းထွက် သယံဇာတများအားလုံးသည် လည်းကောင်း၊ စိုက်ပျိုးရေး နိုင်ငံဖြစ် သည့်အားလျော်စွာ ထွက်ရှိလာသော ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ၀ါ၊ ငရုတ်နှင့် အခြား လယ်ယာထွက်သီးနှံများသည် လည်းကောင်း၊ ရေထွက်ကုန်ပစ္စည်းများ ဖြစ်သည့် သား၊ ငါး၊ ပုဇွန် နှင့် အခြား ရေထွက်ကုန်ပစ္စည်းများကိုသော်လည်းကောင်း၊ ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ် ရောင်းချလျက် ရှိပေသည်။
စာရေးသူသုံးနှုန်းလိုက်သော ကုန်ကြမ်းဟုဆိုရာ၌ ဆန် နှင့် ပဲအမျိုးမျိုး ကို မည်သို့မည်ပုံကုန်ချော လုပ်ဆောင်ရန် လိုအပ်ပါမည် နည်းဟု အငြင်းမပွား စေလိုပါ။
ကုန်ချောဟူသော ခေါင်းစဉ်အောက်၌ ထုတ်လုပ်သောကုန်ပစ္စည်း၏ ထုပ်ပိုး နည်းစနစ်မှန်ကန်မှု၊ ဈေးကွက်၌ ဆွဲဆောင်မှုရှိစေရန် ဖန်တီးတင်ပြနိုင်မှု၊ ထုပ်ပိုးထားသော ပစ္စည်းများ၏ အရည် အသွေးနှင့် စံချိန်စံညွှန်းကို အာမခံနိုင်မှု၊ စားသုံးသူများ အလွယ်တကူ ၀ယ်ယူ စားသုံးနိုင်သည်အထိ အချောသတ် ထုတ်လုပ်မှုနှင့် ဈေးကွက်၌ မိမိကုန် ပစ္စည်း၏ မူပိုင်တံဆိပ်နှင့် ပုံမှန်ဈေးကွက် (Standard Price) ရရှိနိုင်မှုတို့ကို လုပ်ဆောင်နိုင်ပါမှ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ကမ္ဘာမှ သိပေရော့မည်။
ယခု အချိန်တွင်မူ ကမ္ဘာ့အလယ်တွင် မဆိုထားဘိ၊ အရှေ့တောင်အာရှတစ်လွှားတွင်ပင် မြန်မာ့ထုတ်ကုန်များကို စားသုံးသူသို့ မိမိကုန် ပစ္စည်းမူပိုင် တံဆိပ်နှင့် တိုက်ရိုက်ရောင်းချ မိတ်ဆက်နိုင်ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံသည် ဆန်ရေစပါးနှင့် အခြားကောက်ပဲသီးနှံများပေါများလှ ကြောင်း၊ ရေထွက်ကုန်ပစ္စည်းများ ပေါကြွယ်ဝသဖြင့် မိမိနိုင်ငံ အတွက် ရိက္ခာဖူ လုံရုံသာမက ပို့ကုန်အဖြစ်ပင် ပြန်လည် ရောင်းချရကြောင်း ရေးသားဖော်ပြကြသည်ကို စာရေးသူ စာဖတ်တတ်စ ကလေးဘ၀အရွယ်ကပင် ဖတ်ရှုလေ့ လာရပါ၏။
သို့သော်ယနေ့ ပြယုဂ်ကို ကြည့်ပါ။
မြန်မာလူမျိုးများသည် သွားကြားထိုးတံ၊ ၀ါးတူနှင့် အိမ်သာသုံးစက္ကူ မှအစရှိသော အိမ်သုံးပစ္စည်းအမျိုးမျိုး တို့ကိုသော်လည်းကောင်း၊ အိမ်သုံးနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးမျိုးစုံတို့ ကိုသော်လည်းကောင်း၊ စက်ရုံအလုပ်ရုံ သုံးစက်ပစ္စည်းများနှင့် အပိုပစ္စည်းမျိုး စုံတို့ကိုသော်လည်းကောင်း၊ များသောအားဖြင့် အိမ်နီးချင်းတိုင်းပြည်များမှ ၀ယ်ယူသုံးစွဲနေကြ၏။
အ၀တ်အထည်၊ အလှကုန်ပစ္စည်းနှင့် တစ်နိုင်ငံလုံး သုံးစွဲလျက်ရှိသော ပစ္စည်းပေါင်းများစွာတို့ကို အိမ်နီးချင်းနိုင်ငံများမှ ကုန်ချော တန်ဖိုးဖြင့် အမြတ်ပေး ၀ယ်ယူသုံးစွဲလျက်ရှိပြီး မိမိတို့နိုင်ငံ ထွက်ပစ္စည်းများကိုမူ အနိမ့်ဆုံးဈေးဖြင့်သာ နီးစပ်ရာအိမ်နီးချင်းနိုင်ငံများသို့ ရသမျှဈေးဖြင့် ထိုးရောင်းခြင်းဖြင့် ပြည်ပ၀င်ငွေရှာမှီးနေကြ၏။
အဆုံး၌မူကား အိတ်ပေါက်နှင့် ဖားကောက်ဟူသော မြန်မာစကားပုံဖြင့်သာ ဥပမာတင် စားရပေတော့မည်။
ဤသည်မှာ တစ်နိုင်ငံလုံး၏ အရေးဖြစ်၏။
အဘယ်အကြောင်းကြောင့် မြန်မာတစ်နိုင်ငံလုံး ဤအခြေအနေကို လက်ခံကျင့်သုံးနေ ကြပါသနည်း။
နိုင်ငံရေးအကြောင်းတစ်ခုတည်းကြောင့်ဟု အပြစ်ပုံချလျှင်တော့ အဖြေမှန်မထွက်နိုင်ပါ။
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပေါ်လစီသည် နိုင်ငံအတွက် အရေးပါသကဲ့သို့
(က) မိမိတို့ပြည်သူပြည်သားများ၏ ကိုယ်ပိုင်ခံယူချက်
(ခ) အသိပညာ၊ အတတ်ပညာနှင့် နည်းပညာအသုံးချနိုင်မှု
(ဂ) ကောင်းကျိုး၊ ဆိုးကျိုးထောက်ချင့် နိုင်မှုနှင့် ပညာရေးကဏ္ဍ
တို့သည်လည်း တိုင်းပြည်တစ်ပြည်၏ တိုးတက်ဖွံ့ဖြိုးမှုတွင် အရေးပါသောအခြေခံအချက်များအဖြစ် သက်ရောက်မှုရှိကြောင်းကို လည်း သတိမူသင့်လှပေသည်။
အာရှနိုင်ငံများထဲမှ ဂျပန်နိုင်ငံကို ကောက်နှုတ်တင်ပြလိုပါသည်။
ဧရိယာ အကျယ်အ၀န်းအားဖြင့် ၁၄၅,၉၀၂ စတုရန်းမိုင်ခန့်ရှိပြီး ဥပမာအားဖြင့် ကယ်လီဖိုးနီးယား ပြည်နယ်သာသာခန့်သာ ကျယ်ဝန်းသော အရှေ့အာရှနိုင်ငံ တစ်နိုင်ငံလည်းဖြစ်၏။
ဂျပန်နိုင်ငံသည် ၂၀၀၈ ခုနှစ်စာရင်းအရ လူဦးရေ ၁၂၇ ဒသမ ၇ သန်းခန့် နေထိုင်လျက်ရှိသော ကျွန်းနိုင်ငံလေးဖြစ်၏။
ဒုတိယကမ္ဘာစစ်အပြီးတွင် စစ်ရှုံးနိုင်ငံအဖြစ် စစ်လျော်ကြေးများ ပေးလျော်ခဲ့ရသည့်အပြင် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များမှာလည်း နျူကလီးယားလက်နက်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ရသည်။
ပထ၀ီအနေအထားကြောင့် မီးတောင်ပေါက်ကွဲမှု များနှင့် ငလျင်ဒဏ်ကို မကြာခဏရင်ဆိုင် ဖြေရှင်းနေရသောနိုင်ငံလည်းဖြစ်၏။
ကမ္ဘာ့ငလျင်လှုပ်ခတ်မှုများ၏ ၁၂ ရာခိုင် နှုန်းသည် ဂျပန်တွင်ဖြစ်ပေါ်လျက်ရှိ၏။
သို့သော် ဂျပန်နိုင်ငံသည် ၂၀၁၁ ခုနှစ်၊ မတ်လ ဆူနာမီသဘာဝဘေးဒဏ် မခံစားရခင်အချိန်အထိ အမေရိကန်နှင့် တရုတ်တို့ပြီးလျှင် ကမ္ဘာ့တတိယမြောက် စီးပွားရေး အတောင့်တင်းဆုံးနိုင်ငံ အဆင့်၌ ရပ်တည်ခဲ့ပြီး ဟွန်ရှူးကျွန်း၏ အရှေ့မြောက်တွင်ရှိသည့် ဖူကူရှီးမားဒိုင် အိချိ နျူကလီးယားစက်ရုံမှ ဆူနာမီ ဘေးနှင့် ၉ ဒသမ သုည ရစ်ခ်ျတာစကေး ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ရင်ဆိုင်ရသော နျူကလီးယား ဓာတ်ရောင်ခြည်ယိုစိမ့်မှု များအား ထပ်မံရင်ဆိုင်ရသဖြင့်သာ ယနေ့အချိန်တွင် ထိုအဆင့်မှ လျှောကျ ရပ်တည်နေရခြင်းဖြစ်သည်။
အဘယ်ကြောင့် ဂျပန်နိုင်ငံချမ်းသာကြွယ်ဝ၍ အောင်မြင်သောနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် တင့်တယ်ခဲ့ပါသနည်း။
မြေပေါ်မြေအောက်သယံဇာတများ ပေါကြွယ်ဝသော နိုင်ငံဖြစ်ခြင်းကြောင့်နှင့် ထိုသယံဇာတများကို ရောင်းချထုတ် လုပ်နိုင်ခြင်း ကြောင့် စီးပွားရေးတောင့် တင်းခိုင်မာသောနိုင်ငံအဖြစ် ရောက်ရှိ ခဲ့ခြင်းမဟုတ်ဘဲ ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော သယံဇာတအဖြစ် ပညာတတ် လူသားအရင်းအမြစ် ဂျပန်လူမျိုးများကို နိုင်ငံအတွက် ပြုစုပျိုးထောင်နိုင်ခဲ့ခြင်းကြောင့်သာ ထိုလူသားအရင်း အမြစ်ကို အခြေပြု၍ တိုင်းပြည်နှင့် လူမျိုး တိုးတက်ကြီးပွားကြောင်းကို ဖော်ဆောင် နိုင်ခဲ့ခြင်းဖြစ်ကြောင်းကို စာရေးသူ တင်ပြလိုပါသည်။
ထို့ပြင် ဂျပန်လူမျိုးများ၏ မျိုးချစ်စိတ်နှင့် မိမိနိုင်ငံအပေါ်အကျိုးပြုလိုစိတ်ကိုလည်း ဤနေရာတွင် မှတ်မှတ်ထင်ထင် ဂုဏ်ပြုချီးကျူး လိုပါသည်။
စစ်ပြီးကာလအတွင်း အခြားနိုင်ငံများ၌ သွားရောက် နေထိုင်နေကြသော ဂျပန်နိုင်ငံသားများသည် မိမိတို့တွေ့မြင် သင်ကြား လေ့လာခဲ့ကြသော အခြားတိုးတက်သည့် နိုင်ငံကြီးများမှ နည်းပညာများကို မိမိနိုင်ငံအတွက် အင်တိုက်အား တိုက်အသုံးချကာ မိမိတို့နိုင်ငံ၏ဂုဏ်ကို မိမိတို့ ကာယ၊ ဉာဏအားဖြင့် ပူးပေါင်း မြှင့်တင်ခဲ့ကြခြင်းပင် ဖြစ်ပေသည်။
ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းသို့ ဦးတည်လျက်ရှိသည်။
အုပ်ချုပ်သူ အစိုးရအပြင် မြန်မာနိုင်ငံသားတစ်ဦးချင်း၌လည်း မိမိနိုင်ငံနှင့် လူမျိုးအတွက် တာဝန်ရှိပေသည်။
မိမိ တို့အားလုံး ကျရာတာဝန်၊ ကျရာအခန်း ကဏ္ဍအလိုက် တစ်ထောင့်တစ်နေရာမှ တာဝန်ယူ၍ မိမိတို့အားလုံး မျှော်လင့် တမ်းတရာ ဖြစ်သည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် ပုံသွင်းကူးပြောင်း လုပ်ဆောင်ရပေမည်။
ဒီမိုကရေစီနိုင်ငံတော်၏ အသက်သွေးကြောတစ်ခုဖြစ်သည့် Know How ကို နားလည်နိုင်သည့် ပညာဗဟုသုတနှင့်ပြည့်စုံ၍ ကိုယ်ပိုင် ဆင်ခြင်ဉာဏ်ဖြင့် နေထိုင်လုပ်ကိုင်ခြင်းကို သိရှိရန်လည်း အသိပညာရှင်၊ အတတ်ပညာရှင် အများအပြားကို ဖော်ထုတ် တာဝန်ပေး အပ်နိုင်ရန်နှင့် လေ့ကျင့်သင်ကြား၍ အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ရန်လည်း အထူး လိုအပ်လှပေသည်။
အနာဂတ်မြန်မာနိုင်ငံ၏ ပုံရိပ်ကို လှပစွာ ချယ်မှုန်းနိုင်ရန်အတွက် မျိုးဆက်သစ်လူတော်လူကောင်းများ ပေါ်ထွန်းစေရန် ပြုစုပျိုးထောင် ကြစေလိုပါသည်။
ထို့အတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အခန်းကဏ္ဍနှင့် ပူးပေါင်းပါဝင်မှုသည် လွန်စွာမှပင် အရေးကြီးလှပေသည်။
တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏ဟူသော ဆိုရိုးစကားနှင့်အညီ တိုင်းသူပြည်သားများ၏ တစ်ဦး ချင်း စွမ်းပကားများကို ပေါင်းစည်း၍ တိုင်းပြည်အရေးကိစ္စများကို အားကြိုး မာန်တက် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်သော နိုင်ငံအဖြစ် ဖော်ဆောင် သွားကြစေလိုပါသည်။
အချုပ်အားဖြင့်ဆိုရသော် ယခုအချိန်သည် ပြည်ပတွင်သွားရောက်နေထိုင် လုပ်ကိုင်နေကြသော အသိပညာရှင်၊ အတတ်ပညာရှင် မြန်မာလူမျိုးများ မိမိ လူမျိုး၏ဂုဏ်ကို မြှင့်တင်ရန်နှင့် အနာဂတ်၏ သားကောင်းများကို ပြုစု ပျိုးထောင်နိုင်ရန်အတွက် ပြန်လည်နေ ထိုင်လုပ်ကိုင်နိုင်ကြရန်အတွက် သက်ဆိုင်ရာမှ လိုအပ်သည့်ညှိနှိုင်းပုံဖော်မှုများ ပြုလုပ်ပေးသွားနိုင်ပါရန်၊ မြန်မာ တစ်မျိုးသားလုံး မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးအပေါ် အကျိုးပြုလိုစိတ်များ ပိုမို ပေါ်ပေါက်လာနိုင်ကြစေရန်နှင့် တတ်မြောက်သင်ကြားထားသော နည်းပညာ ဗဟုသုတကောင်းများကို မျိုးဆက်သစ်များအား အချိန်မီဖြန့်ဝေ၍ တိုင်းပြည် အကျိုးရှိရာရှိကြောင်းကို တစ်စိတ်တစ်ဝမ်းတည်း သယ်ပိုးကြ၍ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များ ထားရှိနိုင်ကြပါစေကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။

                                                     

ကလျာ

(စီးပွားရေးတက္ကသိုလ်)
အတွဲ ၂၈ ၊ အမှတ် ၅၅၈ ( ၂၄ ၊ ၂ - ၁ ၊ ၃၊ ၂၀၁၂)

No comments:

Post a Comment