ဒီနေ့ အမိမြန်မာပြည်မှာတော့
ဝါဆိုဝါကပ်တဲ့နေ့ပေါ့။ ၀ါဆိုဝါကပ်ခြင်းအကြောင်းမှာ မြတ်စွာဘုရားသည်
ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းသီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အား
ဝါဆိုဝါကပ် ပညတ်တော်မမူသေးသောကြောင့် ရဟန်းတော်တို့သည် နွေ.မိုး.ဆောင်းဥတု ၃
ပါးလုံးဒေသစာရီလှည့်လည်တော်မူခဲ့ကြသည်။ လူတို့သည် သာကီဝင်မင်းသား
ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ''အဘယ်ကြောင့် ဆောင်း နွေ
မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟု
ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို
ပျက်စီးခြင်းသို့ ရောက်စေ၍ ဒေသစာရီ လှည့်လည်ကုန်ဘိသနည်း၊ မကောင်းသဖြင့်
ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သော်မှလည်း
မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ ကိန်းအောင်းနေထိုင်ကြကုန်သေး၏၊
ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ
မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ မြဲစွဲစွာ နေကြကုန်သေး၏။ ဤသာကီဝင်မင်းသား
ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည်ကား ဆောင်း နွေ မိုးဥတုသုံးပါးလုံး
စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန် လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော
ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါ တို့ကို ပျက်စီးခြင်းသို့
ရောက်စေလျက် ဒေသစာရီ လှည့်လည်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ
ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော
ထိုလူတို့၏ စကားကို ကြားကြသောအခါ မြတ်စွာဘုရားအား ဤအကြောင်းကို
လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို
ဟောတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု
မိန့်တော်မူ၏။
ထိုအခါ ရဟန်းတို့အား ''အဘယ်အခါ၌
ဝါကပ်အပ်ပါသနည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို
လျှောက်ကြကုန်၏။ ''ရဟန်းတို့ မိုးလ၌ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု
(မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့အား ''ဝါကပ်ခြင်းတို့သည်
အဘယ်မျှ ရှိကုန်သနည်း''ဟု အကြံဖြစ်၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို
လျှောက်ကြကုန်၏။ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ပုရိမဝါကပ်ခြင်း၊
ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိကုန်၏။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌
ပုရိမဝါကပ်ရမည်၊ ဝါဆိုလပြည့် နေ့မှ တစ်လလွန်ပြီးသော လပြည့်ကျော်တစ်ရက်
'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ပစ္ဆိမဝါကပ်ရမည်၊ ရဟန်းတို့
ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒီနှစ်သည် ၀ါထပ်ခြင်းကြောင့်
ပုရိမ၀ါကပ်ကြရသည်။ ၀ါခေါင်လပြည့်ကျော်တရက်နေ့ ၀ါဆိုဝါကပ်ပြီး
တန်ဆောင်မုန်းလပြည့်နေ့မှ ၀ါကျွတ်သည်။ ၀ါကပ်ရာတွင် ကျောင်းလို့အမည်ရမှ
ဝါကပ်ရမည်ဟု မဟုတ်ချေ။ မြတ်စွာဘုရားသည် ၀ါဆိုရာ ဋ္ဌာန များ
သတ်မှတ်ပေးထားခဲ့သည်။ လှည်း, လှေ,နွားခြံ တို့နေရာ သည်လည်း ၀ါဆိုဝါကပ်ခွင့်
ပေးထားခဲ့၏။တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နွားကျောင်းသားတို့၏ နေရာ၌
ဝါကပ်ခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ နွားကျောင်းသားတို့၏ နေရာ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု
(မိန့်တော်မူ၏)။ နွားကျောင်းသားတို့၏ နေရာသည် ပြောင်းရွှေ့၏။ မြတ်စွာ
ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ နွားကျောင်းသားတို့၏
နေရာရှိရာသို့ ကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ
နီးလတ်သော် လှည်းကုန်သည်နှင့် သွားခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား
ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လှည်း၌ ဝါကပ်ခြင်းငှါခွင့်ပြု၏ဟု
(မိန့်တော်မူ၏)။
ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ
နီးလတ်သော် လှေဖြင့် သွားခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို
လျှောက်ကြကုန်၏။ ရဟန်းတို့ လှေ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
မိမိ ကိုရင်ဘ၀က သာမဏေသကျသီဟ လုပ်စဉ်အခါက စာချဘုန်းကြီးသည် မှတ်လွှယ်စေရန်
ဆောင်ပုဒ်လေးလုပ်ပေးထားခဲ့သည်။ စာမေးပွဲအတွင်းဝယ်
အလွယ်တကူအမှတ်ရစေရန်ဖြစ်၏။ {လှည်း,လှေ,နွားခြံ ဤ ၃ တန် မှတ်ရန်ဝါကပ်ကောင်း}
ဟု သင်ပေးခဲ့ဘူးသည်။ ယနေ့ထိ ရနေသည်ကို အမှတ်တရ ရေးသားတင်ပြလိုက်ပါ၏။
ဝါမကပ်သင့်သောနေရာများမှာလည်း မြတ်စွာဘုရားသည် မိန့်တော့်မူခဲ့လေ၏။
သစ်ခေါင်း,သစ်ခွ,လွင်တီးခေါင်,အမိုးမရှိသောနေရာ=ကျောင်းအိပ်ယာ
နေရာမရှိသောနေရာ, သူသေကောင်ဖုတ်ရာနေရာတဲ, ထီး, အိုးစရည်း ဤ နေရာ ၇ နေရာကို
ဝါမကပ်ရန်မိန့်မှာတော်မူခဲ့သည်= ပညတ်တော်မူခဲ့သည်။ ဤ
ဝါမကပ်ရတဲ့နေရာဋ္ဌာနများကို မိမိရဲ့ စာချ ဘုန်းကြီးမှ { သစ်ခေါင်းသစ်ခွ
မှတ်ကြလေပါ လွင်တီးခေါင်လည်း မရှိဝိဟာ သူသေကောင်ဖုန် တဲကုတ်တဖြာ မကပ်ရ ဆတ္ထ
အိုးစရည်းမှာ}လို့ ဆောင်ပုဒ်လေးများသီကုံးပေးခဲ့သည်။ မိမိကိုရင် ၁၇
နှစ်သားအရွယ်က စာချဘုန်းတော်ကြီးများ သင်ကြားပေးခဲ့ဘူးသည်ကို
အမှတ်ရစေခဲ့သည်။
မြတ်စွာဘုရားသည်
ထိုဝါမကပ်သင့်သည်နေရာဋ္ဌာနတွေမှာလည်း အကြောင်းတရားတွေရှိခဲ့ခြင်းကြောင့်
ဝါဆို ၀ါကပ်ခွင့်မပေးခဲ့ခြင်းဖြစ်သည်။တစ်ရံရောအခါ ရဟန်းတို့သည် သစ်ခေါင်း၌
ဝါကပ်ကုန်၏။ လူတို့သည် ''ဘီလူးငယ်တို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊
ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို
လျှောက်ကြကုန်၏။ ရဟန်းတို့ သစ်ခေါင်း၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား
ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် သစ်ပင်ခွ၌
ဝါကပ်ကုန်၏။ လူတို့သည် ''သားမုဆိုးတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊
ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို
လျှောက်ကြကုန်၏။ ရဟန်းတို့ သစ်ပင်ခွ၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား
ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် လွင်တီးခေါင်၌
ဝါကပ်ကုန်၏။ မိုးရွာသည်ရှိသော် သစ်ပင်ရင်းသို့လည်းကောင်း၊
တံစက်မြိတ်သို့လည်းကောင်း ပြေးကပ်ကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို
လျှောက်ကြကုန်၏။ ရဟန်းတို့ လွင်တီးခေါင်၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား
ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် ကျောင်း အိပ်ရာ
နေရာ မရှိဘဲ ဝါကပ်ကုန်၏။ အချမ်းကြောင့်လည်းကောင်း၊ အပူကြောင့်လည်းကောင်း
ပင်ပန်းကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။ ရဟန်းတို့
ကျောင်း အိပ်ရာ နေရာ မရှိဘဲ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ် အာပတ်
သင့်၏ဟု (မိန့် တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည်
သူသေကောင်ထားရာတဲ၌ ဝါကပ်ကုန်၏။ လူတို့သည် ''သူသေ ကောင်ကို မီးဖုတ်သော
သူတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ
ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့
သူသေကောင်ထားရာတဲ၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု
(မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် ထီး၌
ဝါကပ်ကုန်၏၊ လူတို့သည် ''နွားကျောင်းသားတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊
ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို
လျှောက်ကြကုန်၏။ ရဟန်းတို့ ထီး၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ်
သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် အိုးစရည်းကြီး၌
ဝါကပ်ကုန်၏။ လူတို့သည် ''တိတ္ထိတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊
ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို
လျှောက်ကြကုန်၏။ ရဟန်းတို့ အိုးစရည်းကြီး၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား
ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ မိမိတို့မှာတော့ ၀ါဆိုရာ ကျောင်းဟု
မဟုတ်သော်ငြားလည်း မိမိငှားနေသော အိမ်ကိုသာ ၀ါဆိုဝါကပ်ခဲ့ရပေသည်။ ၀ါဆိုရန်
ရွတ်ဆိုရသော ပါဠိတော်မှာ “ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံဥပေမိ” လို့ ၃
ကြိမ်၃ ခါရွတ်ဆိုရသည်။ ရှင်းလင်းချက်။ ဤကျောင်းတိုက်မှာ ၀ါတွင်း၃ လပတ်လုံး
ဝါကပ်ပါ၏။ လို့ဆိုလိုပါ၏။ မိမိတို့မှာတော့ “ဣမသ္မိံ ဂေဟေ ဣမံ တေမာသံ ၀ဿံ
ဥပေမိ” လို့ ၀ါဆိုဝါကပ်ခဲ့ရသည်။ ၀ါတွင်းကာလမှာ ဤကျောင်းတိုက်မှာဝါတွင်း
၃လပတ်လုံး နေထိုင်ပါမည်ဟု ရွတ်ဆိုကြခြင်းဖြစ်၏။ မိမိတို့မှာတော့ ဤ အိမ်မှာ
ဝါတွင်း၃ လ ပတ်လုံး နေထိုင်ပါမည်ဟု ရွတ်ဆိုမှုပြုလိုက်ရတော့၏။
ဝါတွင်းမှာလည်း ခြွင်းချက်အနေနဲ့ မြတ်စွာဘုရားသည်။ တုံ ၃ တုံ တဲ့ ။ဒါနဉ္စ
ဒါတုံ။ ဓမ္မဉ္စ သောတုံ။ ဘိက္ခုစ ပဿိတုံ။ အလှူပေးခြင်းငှာလည်းကောင်း။
တရားတော်ကို နာယူခြင်းငှာလည်းကောင်း။
ရဟန်းသံဃာအားဖူးမြင်ခြင်းငှာလည်းကောင်း ၀ါတွင်းကာလမှာ သွားဘို့
အနုပညတ်အနေနဲ့ ခွင့်ပြုခဲ့သည်။ ၀ါတွင်းကာလ မှာ ၀ါကျိုးဝါပျက်ခြင်းသည်
ဒုက္ကဋ်အာပတ်သာသင့်စေသည်။ မသိနားမလည်သော လူအချို့သည်
ဝါကျိုးဝါပျက်ခြင်းကိုပင် အပြစ်ကြီးတခု ဟု ယူဆနေကြ၏။ အမှန်စင်စစ်
ဒုက္ကဋ်အာပတ်သည် ဒေသနာကြားက ပျောက်နိုင်သည်။ (လူအများသိစေရန်) သာဖြစ်ပါ၏။